Friday, August 3, 2012

မန္တလေးမြို့နယ်လုံးဆိုင်ရာ သပိတ်တပ်ပေါင်းစု အဖွဲ့ချုပ် သမိုင်း - ၁

“မန္တလေးမြို့နယ်လုံးဆိုင်ရာ သပိတ်တပ်ပေါင်းစု အဖွဲ့ချုပ် သမိုင်း”


by Soe Lynn on Friday, August 3, 2012 at 10:58am ·

မန္တလေးမြို့တွင်၊ သပိတ်မှောက်စစ်ကြောင်းများအားလုံး၏ တစ်ခုတည်းသော ဦးဆောင်ကော်မတီ တစ်ရပ်ဖွဲ့စည်းရန် ညှိနှိုင်းအစည်းအဝေးကို ၂၀-၈-၁၉၈၈-နံက် ၈း၃၀-နာရီ အချိန်တွင် ဘုရားကြီး အနောက်-၄၅-တာ၊ သဒ္ဓါဓိကဓမ္မာရုံကြီး၌ ကျင်းပခဲ့ပါသည်။ ထိုအစည်းအဝေးသို့ သပိတ်စစ်ကြောင်းကြီး ၁၅-ကြောင်းမှ တာဝန်ပေးစေလွှတ်ခံရသူများ တက်ရောက်ခဲ့ကြပါသည်။ တက်ရောက်သူများမှာ-

၁။ ငြိမ်းချမ်းရေးစစ်ကြောင်းမှ ဦးကဝိန္ဒ၊ ဦးနန္ဒသာရ၊ မောင်အောင်မြင့်ထွန်း

၂။ ဂဠုန်နီစစ်ကြောင်းမှ ဦးမဏ္ဍလ၊ ဦးနန္ဒဝံသ၊ ဦးစန္ဒိမာ၊

၃။ ဘုရားကြီးစစ်ကြောင်းမှ ဦးပဏ္ဍိတ၊ ဦးဝိသုတ၊

၎။ နန်းရှေ့မာန်အောင်စစ်ကြောင်းမှ ဦးဓမ္မဝံသ၊ ဦးချိုကြီး၊

၅။ ရဲတံခွန်စစ်ကြောင်းမှ ဦးဝေပုလ္လ၊

၆။ အိမ်တော်ရာစစ်ကြောင်းမှ ဦးရေဝတ၊ ဦးဝါယမိန္ဒ၊

၇။ ဆရာဝန်အသင်း(မန္တလေး)မှ ဒေါက်တာခင်မောင်ဝေ၊ ဒေါက်တာသန်းထွန်း၊

၈။ မန္တလေးတက္ကသိုလ်မှ ဦးမျိုးမြင့်၊ ဦးကျော်သီဟ၊

၉။ ရှေ့နေအသင်းမှ ဦးတင်ဝင်းနိုင်၊ ဦးဇော်မင်း၊

၁၀။ ကျူရှင်ဆရာစစ်ကြောင်းမှ ဦးအောင်မင်း၊

၁၁။ တက္ကသိုလ်များရန်ကုန်(မန္တလေးမိသားစု)မှ ကိုဇာနည်အောင်၊ ကိုသူရိန်၊

၁၂။ စာပေအနုပညာစစ်ကြောင်းမှ မောင်နွေထက်၊ ရဲသျှမ်း၊

၁၃။ ဂျီတီအိုင်စစ်ကြောင်းမှ ကိုထွန်းအောင်ကျော်၊ ကိုအေးကျော်၊

၁၄။ မြန်မာနိုင်ငံသားတရုတ်အမျိုးသားအဖွဲ့မှ ကိုသိန်းဝင်း၊ ကိုတင်စိုး၊

၁၅။ သဘင်သမဂ္ဂမှ ဦးကျော်လှိုင်၊ ဦးသာဓု-တို့ဖြစ်ကြပါသည်။

တက်ရောက်လာသူများမှ သပိတ်မှောက်ဗဟိုကော်မတီဖွဲ့စည်းရေးအတွက် အဖွဲ့အလိုက် အမြင်အမျိုးမျိုး၊ သဘောထားအမျိုးမျိုးကို တင်ပြကြပြီး၊ ညနေ ၄း၃၀-နာရီတွင် အစည်းအဝေးပြန်လည်ကျင်း ပရန် သဘောတူ ဆုံးဖြတ်ကြသည်။

မန္တလေးမြို့နယ်လုံးဆိုင်ရာ သပိတ်မှောက် ဗဟိုကော်မတီဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေး ၂/၈၈-ကို ၂၀-၈-၁၉၈၈-ညနေ ၄း၃၀-နာရီတွင် ဘုရားကြီး အနောက် ၄၅-တာ ဓမ္မာရုံကြီး၌ ဆက်လက်ကျင်းပခဲ့ပါသည်။

ထိုအစည်းအဝေးမှ မန္တလေးမြို့နယ်လုံးဆိုင်ရာ သပိတ်မှောက်ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ကြပါသည်။ (နောင်တွင် မန္တလေးမြို့နယ်လုံးဆိုင်ရာ သပိတ်တပ်ပေါင်းစု အဖွဲ့ချုပ်ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ကြပါသည်) ကော်မတီဝင်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ဥက္ကဋ္ဌ ဦးကဝိန္ဒ(ငြိမ်းချမ်းရေးစစ်ကြောင်း)

ဒု-ဥက္ကဋ္ဌ ဦးတင်ဝင်းနိုင်(ရှေ့နေအသင်း)

အတွင်းရေးမှူး ဦးရေဝတ(အိမ်တော်ရာစစ်ကြောင်း)

တွဲဖက်အတွင်းရေးမှူး(၁) ဦးကျော်သီဟ(မန္တလေးတက္ကသိုလ်)

တွဲဖက်အတွင်းရေးမှူး(၂) ဦးချိုကြီး(နန်းရှေ့မာန်အောင်)

လုံခြုံရေးမှူး ဦးမဏ္ဍလ(ဂဠုန်နီစစ်ကြောင်း)

တွဲဖက်လုံခြုံရေးမှူး ဦးသာဓု(သဘင်သမဂ္ဂ)

စည်းရုံးရေးမှူး ဦးပဏ္ဍိတ(ဘုရားကြီးစစ်ကြောင်း)

တွဲဖက်စည်းရုံးရေးမှူး ကိုမြတ်မှိုင်း(စာပေအနုပညာ-နောင်တွင် ရဲသျှမ်း)

စည်းကမ်းထိန်းသိမ်းရေးမှူး ဦးဝေပုလ္လ(ရဲတံခွန်စစ်ကြောင်း)

တွဲဖက်စည်းကမ်းထိန်းသိမ်းရေးမှူး ဦးအောင်မင်း(ကျူရှင်ဆရာ)

ဘဏ္ဍာရေးမှူး ဒေါက်တာသန်းထွန်း(ဆရာဝန်အသင်း)

တွဲဖက်ဘဏ္ဍာရေးမှူး ကိုသိန်းဝင်း(မြန်မာတရုတ်လူငယ်)

ဆက်သွယ်ပြန်ကြားရေးမှူး ကိုဇာနည်အောင်(စက်မှုတက္ကသိုလ်)

တွဲဖက်ဆက်သွယ်ပြန်ကြားရေးမှူး ကိုထွန်းအောင်ကျော်(ဂျီတီအိုင်)

ကျန်းမာရေးမှူး ဒေါက်တာခင်မောင်ဝေ(ဆရာဝန်အသင်း)

သပိတ်မှောက် ဗဟိုကော်မတီဖွဲ့စည်းပြီးနောက် သပိတ်စခန်းဌာနချုပ်နေရာအတွက် ညှိနှိုင်းဆွေးနွေးကြသည်။ ဌာနချုပ်နေရာကို ယာယီအားဖြင့် တောင်ပြင်အသောကာရာမတိုက် ရတနာမြိုင်ကျောင်းကို သက်မှတ်ပြီး၊ ရုံးခန်းအဖြစ် ဘုရားကြီးအနောက် ၄၅-တာ ဦးမုနိန္ဒစာသင်ကျောင်းကို သက်မှတ်ရွေးချယ်ခဲ့ကြသည်။ ထို့နောက် ဗဟိုကော်မတီမှ ပြည်သူလူထုသို့ သတင်းထုတ်ပြန် ကြေညာချက်တစ်စောင် ရေးသားဖြန့်ချီရန် ညှိနှိုင်းပြီး မူကြမ်းရေးကြသည်။ လိုအပ်သော ဆပ်ကော်မတီများကို နောင်တွင် သီးခြားထပ်မံဖွဲ့စည်းရန် ဆုံးဖြတ်၍ အစည်းအဝေးကို ညနေ ၆း၀၀-တွင် ရုပ်သိမ်းခဲ့ကြသည်။

(ဆက်လက်ဖော်ပြပါမည်။)

· · Share

No comments:

Post a Comment