Saturday, August 11, 2012

မန္တလေးမြို့နယ်လုံးဆိုင်ရာ သပိတ်တပ်ပေါင်းစု အဖွဲ့ချုပ် သမိုင်း(၃)


by Soe Lynn on Sunday, August 5, 2012 at 10:27am ·

သပိတ်မှောက်ဗဟိုကော်မတီ၏ အစည်းအဝေးများ နေ့စဉ်ရက်ဆက် ရှိလာခဲ့သည်။ သပိတ်စခန်းအသစ်နှင့် စစ်ကြောင်းများလည်း တစတစများပြားလာသည်။ သံဃာ့စစ်ကြောင်းကြီးများ၏ လက်အောက်တွင် သပိတ်စခန်းနှင့် စစ်ကြောင်းငယ်အမြောက်အများ ပါဝင်နေသည်လည်း ရှိသည်။ စစ်ကြောင်းများ၊ သပိတ်စခန်းများ၊ သမဂ္ဂအဖွဲ့များ၊ အမျိုးအမည်များပြားစွာ ပေါ်ပေါက်လာသဖြင့် အချင်းချင်းပဋိပက္ခ မဖြစ်ရေး၊ လှုပ်ရှားဆောင်ရွက်မှုအနေအထား လမ်းကြောင်း မှန်ကန်ရေးကို သပိတ်မှောက်ဗဟိုကော်မတီမှ တာဝန်ယူ ဖြေရှင်းရသည်များလည်းရှိလာသည်။ ဂဠုန်နီစစ်ကြောင်းခေါင်းဆောင် ဆရာတော် ဦးကာဝိယ၏ ရှေးဦးပိုင်းကာလ ခပ်ကြမ်းကြမ်းဟောပြောမှုကြောင့် မန္တလေးမြို့၏ အောက်ခြေအကျဆုံး ရပ်ကွက်အဆင့် အုပ်ချုပ်ရေးအဖွဲ့များ စောစောစီးစီး ပျက်သုဉ်းခဲ့ရပါသည်။ မြို့နယ်အဆင့်၊ တိုင်းအဆင့် အုပ်ချုပ်ရေးအဖွဲ့များ မှာလည်း တစတစပြိုကွဲလာသဖြင့် မန္တလေးမြို့အုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေးကို သပိတ်မှောက် ဗဟိုကော်မတီက စစ်ကြောင်းကြီးများဖြင့် ဝင်ရောက်ထိန်းညှိပေးလာရသည်။ (ယခုမှ စ၍နေ့စဉ်ရက်ဆက် အစည်းအဝေးများကို အားလုံးဖော်ပြ တော့မည်မဟုတ်ဘဲ အရေးကြီးဆုံးဖြတ်ချက် အချို့ကိုသာ တင်ပြသွားပါမည်။)

အစည်းအဝေးအမှတ် ၄/၈၈-ကို ၂၃-၈-၁၉၈၈-နေ့တွင် ကျင်းပခဲ့ပါသည်။ အရေးကြီးဆုံးဖြတ်ချက်အဖြစ် အဖွဲ့အမည်ကို မန္တလေးမြို့နယ်လုံးဆိုင်ရာ သပိတ်တပ်ပေါင်းစု အဖွဲ့ချုပ်ဟု ပြောင်းလဲသက်မှတ်ခဲ့ ကြသည်။ ၅/၈၈-အစည်းဝေးကို ၂၅-၈-၁၉၈၈-တွင် တပ်ပေါင်းစုရုံးခန်း၌ ကျင်းပခဲ့ပါသည်။ အဓိကဆုံးဖြတ်ချက်မှာ ၂၆-၈-၁၉၈၈-တွင် လူထုအစည်းဝေးပွဲကြီး တစ်ရပ်ကို မန်းရာပြည့်ကွင်းတွင် ပြုလုပ်ပြီး၊ လူထုဆန္ဒခံယူပွဲကြီး ပြုလုပ်ရန် ဖြစ်ပါသည်။ အဆိုပါ လူထုအစည်းဝေးပွဲကြီးအတွက် အောက်ဖော်ပြပါ ပိုစတာများဖြင့် တပ်လှန့်နိုးဆော် တိုက်ပွဲဝင်ခဲ့ကြသည်။

၁။ ပြည်သူ့အသံ မိုးသို့လျှံ

အမှန်ဆန္ဒတင်ပြကြ။

ပြည်သူ့အင်အား မြင်းမိုရ်အလား

ခြိမ့်ခြိမ့်သဲမျှ ဆင်နွှဲကြ။

၃။ ဒီမိုကရေစီ ရှေ့သို့ချီ

ရာပြည့်ကွင်းမှာ ပြကြမည်။

အဆိုပါ လူထုအစည်းဝေးပွဲကြီးကို မန္တလေးမြို့လုံးကျွတ်မျှ ရာပြည့်ကွင်းလုံးပြည့် ခြိမ့်ခြိမ့်သဲ ဆင်နွှဲခဲ့ကြသည်။ ၎င်းလူထု အစည်းအဝေးပွဲကြီးမှ အောက်ဖေါ်ပြပါ ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ခဲ့ပါသည်။

၁။ နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌဒေါက်တာမောင်မောင်၏ (၂၄-၈-၁၉၈၈-)ညအသံလွှင့်မိန့်ခွန်းကို လုံးဝအယုံအကြည်မရှိကြောင်း။

၂။ တစ်တိုင်းတစ်ပြည်လုံးရှိ ရဟန်းရှင်လူ ပြည်သူအများက ပါတီစုံဒီမိုကရေစီကို လိုလားကြောင်း၊ တစ်ခဲနက်ဆန္ဒ ဖော်ထုတ်ပြီး ဖြစ်ပါသဖြင့် ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပရန်မလိုကြောင်း။

၃။ လက်ရှိအစိုးရ တစ်ဖွဲ့လုံးနှင့် တစ်ပါတီအာဏာရှင်စနစ်ကို ချွင်းချက်မရှိ အမြန်ဆုံးဖျက်သိမ်းပေးရမည်။

၎။ ဗဟိုအဆင့်မှ မြို့နုယ်အဆင့်ထိ အဆင့်ဆင့်ရှိသော မဆလပါတီဝင်များ၊ မဆလ၏ကောင်စီဝင်များ၊ မပါဝင်သော ယာယီအစိုးရကို ဖွဲ့စည်းပေးရန်။

၅။ ယာယီအစိုးရဖွဲ့စည်းရာတွင် အောက်ပါပုဂ္ဂိုလ်များ ပါဝင်ရမည်ဟု ဆုံးဖြတ်ကြသည်။

(က) နိုင်ငံရေးအစဉ်အလာအရ ပြည်သူကလေးစားယုံကြည်သော ပုဂ္ဂိုလ်များ၊

(ခ) အသိပညာရှင်၊ အတတ်ပညာရှင်များ၊

(ဂ) တပ်မတော်တွင် အစဉ်အလာရှိ၍ ပြည်သူနှင့်တပ်မတော်က လေးစားယုံကြည်လက်ခံသော ပုဂ္ဂိုလ်များ၊

၆။ ယာယီအစိုးရအဖွဲ့သည် ပါတီစုံဒီမိုကရေစီစနစ်ကို လက်ခံပြီး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကြီး ပြုလုပ်ပေးရန် စသည်ဖြင့်ဆုံးဖြတ်ကြသည်။

အစည်းအဝေးအမှတ် ၇/၈၈-ကို ၂၇-၈-၁၉၈၈-နေ့တွင် တပ်ပေါင်းစုရုံးခန်း၌ ကျင်းပခဲ့ပြီး သံဃာ့စစ်ကြောင်းများကို နယ်မြေအလိုက် ခွဲဝေသတ်မှတ်ကြသည်။ ၂၈-၈-၁၉၈၈-မှ၍ နေ့အလိုက်၊ နယ်မြေအလိုက် စစ်ကြောင်းများ ချီတက်ဆန္ဒပြရန် ဆုးံဖြတ်ကြသည်။

တနင်္ဂနွေနေ့တိုင်း ဂဠုန်နီစစ်ကြောင်း၊

တနင်္လာနေ့တိုင်း ငြိမ်းချမ်းရေး/အာဇာနည်စစ်ကြောင်းများ၊

အင်္ဂါနေ့တိုင်း ဘုရားကြီး/ဘုရားကြီးတိုက်ဒီမိုကရေစီသမဂ္ဂစစ်ကြောင်းများ၊

ဗုဒ္ဓဟူးနေ့တိုင်း မန်းတက္ကသိုလ်ပင်မစစ်ကြောင်း၊

ကြာသာပတေးနေ့တိုင်း ရဲတံခွန်/မြန်မာမွတ်ဆလင်လူငယ်စစ်ကြောင်းများ၊

သောကြာနေ့တိုင်း နန်းရှေ့မာန်အောင်/မာန်အောင်စစ်ကြောင်းများ၊

စနေနေ့တိုင်း အိမ်တော်ရာစစ်ကြောင်း- စသည်ဖြင့် ဖြစ်ပါသည်။ (စစ်ကြောင်းကြီးများတွင် နီးစပ်ရာ စက်ရုံ၊ အလုပ်ရု၊ံ ဌာနပေါင်းစုံနှင့် ရပ်ကွက်အသီးသီးတို့ ပူးပေါင်းပါဝင်ကြသည်။

(ဆက်လက်ဖော်ပြပါမည်)

· · · Share

  • 17 shares
    • Nyi Nyi Myint Tun Share ပီနော် အကို ... မြောက်ပိုင်းကစ္စသိပြီး အတွေ့ယုံ ယူရင်းနဲ့ .... အဖြစ်မှန် သရုပ်မှန်တွေကို ကြေကွဲရင်း ဖြစ်တတ်တာ ဖြစ်နိုင်တာလေးတွေ ကို အားလုံးသိစေချင်ရဲ့ ..။ နောင်မှာ NEXT and New Gen တွေကို အထောက်ကူပြုရအောင်ရယ်...။
      August 5 at 11:43am · · 2

No comments:

Post a Comment