Tuesday, February 5, 2013

ABSDF ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင်ရဲ့ တောင်ပိုင်းနှင့်မြောက်ပိုင်း ခရီး(၅)

by May Thingyan Hein on Tuesday, February 5, 2013 at 5:51am ·

မေသင်္ကြန်ဟိန်(မြစ်မခ)
ဖေဖော်ဝါရီ ၅၊ ရန်ကုန်မြို့။

အပိုင်း(၅)
အဲဒီအချိန်တုန်းက ABSDF ဗဟိုကော်မတီစခန်းက မဲဆောက် ၀မ်ခဘက်မှာပေါ့။ ဗဟိုကော်မတီကို ဘယ်အဖွဲ့အစည်းကမှ ထောက်ပံ့ပေးတာမျိုး မရှိဘူး။

ABSDF စခန်းတွေကိုတော့ ဆန်တို့ဘာတို့ကို စခန်းတွေနဲ့ နီးစပ်ကြတဲ့ မဟာမိတ်(ဒေသခံ လက်နက်ကိုင်အဖွဲ့အစည်း)တွေက ပေးကြတယ်။ နောက် နိုင်ငံတကာမှာ ရှိတဲ့ မြန်မာတွေကနေ အစုအဖွဲ့လေးတွေနဲ့ လာလာပြီးတော့ စောင်လိုရင် စောင်တို့ စားစရာလိုရင် စားစရာတို့ ပေးတာမျိုးလောက်ပဲ ရှိတယ်။

အဲတော့ ABSDF စခန်း ၁၉ ခုရှိတော့ စခန်းတွေကလည်း အပြိုင်အဆိုင် အလှူရှင်တွေကို ရှာကြတယ်၊ အဆက်အသွယ်တွေ ရှာကြတယ်။ အဲဒီတုန်းက ဦးတင်မြင့်ဦး( ဦးသန့် သမက်)တို့ နန်းအောင်ထွေးကြည်ရဲ့ ဦးလေး ဦးစိုင်းထွန်းတို့ ပေါ့ ။ သူတို့က ဘန်ကောက်မှာ ရှိနေတဲ့ သူတွေဖြစ်တယ်။ သူတို့က နဂိုကတည်းက ပြည်ချစ် ခေတ်အဆက်အဆက်ကနေ ထိုင်းနိုင်ငံမှာ အခြေစိုက်တဲ့အတွက် ပြည်ပက နိုင်ငံခြားသားတွေ ပြည်ပက မြန်မာတွေနဲ့ သိတယ်။ အဆက်အသွယ်ရှိတယ်ဆိုတော့ သူတို့က ဆက်သွယ်ပြီးတော့မှ စခန်းတွေကို လိုက်လိုက်ပြီးတော့ ကူတယ်ပေါ့။

နောက်တမျိုးက နိုင်ငံတကာက ခရစ်ရှာန်အဖွဲ့တွေပေါ့၊ အခု ကချင်ဒုက္ခသည်စခန်းတွေကို ကူညီပေးနေတဲ့ ခရစ်ရှာန်အဖွဲ့တွေကလည်း ကျောင်းသားတွေကို ကူညီပေးခဲ့ပါတယ်။

နောက် စခန်းတွေကလည်း ကိုယ့်အဆက်အသွယ်နဲ့ကိုယ် အလှူရှင်တွေ ရှာပြီး နေကြတယ်။ အလှူရှင်ရှိတဲ့အခါလည်းရှိတယ်ပေါ့၊ ဘယ်လိုပဲပြောပြော ကျောင်းသားရဲဘော်တွေကတော့ အစားအသောက်အနေအထိုင်ကတော့ တော်တော်လေးကို ဆင်းရဲခဲ့ကြတယ်။ စိတ်ဓါတ်လေးတခု ကြောင့်သာ ဒီလို ဆင်းဆင်းရဲရဲတွေနဲ့နေထိုင်နိုင်ခဲ့ကြတာပေါ့။

အဲဒီမှာ စခန်းတွေက ကိုယ့်ဟာကိုယ်ပဲ ရှာစားရတော့ ဗဟိုကော်မတီဆိုတာကိုလည်း သိပ်ဂရုမစိုက်ဘူးပေါ့ဗျာ။ ကိုယ့်ဟာကိုယ် ရှာနိုင်မှ စားရတာကိုး။ ဗဟိုက နိုင်ငံရေးအရစုစည်းထားတာ ဖြစ်ပေမဲ့ သိပ်ပြီးတော့တော့ သြဇာမညောင်းဘူးပေါ့။
ကျနော် ဗဟိုကော်မတီရောက်တဲ့အချိန်မှာ ကျနော့်အသက်က ၂၆ နှစ်ရှိပြီ။ ဗဟိုကော်မတီမှာ မဆလ တပ်က ထွက်ခဲ့တဲ့ သူတွေလည်းပါတယ်။  ကျနော့်အနေနဲ့ကတော့ အဲဒီအချိန်တုန်းက ဘာမှ သိပ်ပြီး မစဉ်းစားတတ်သေးတာလို့ပဲ ပြောရမှာပေါ့၊ အဖွဲ့အစည်းတခုကို ထူထောင်ပေမဲ့ ကျနော်တို့မှာ ဘာမှမ အတွေ့အကြုံမရှိတာ။

လက်နက်ကိုင်တပ်ဖွဲ့ကိုလုပ်ကြမယ်ဆိုတော့ နီးစပ်ရာ တက်ရတော့တာပဲ အဲလို နီးစပ်ရာတက်ရတဲ့ကိစ္စတွေကို ဗဟိုစုစည်းမှု အရ လက်ခံရမယ်ဆိုတာ ဖြစ်လာတာကလည်း အဲဒီအတွေ့အကြုံတွေ ကြောင့်ပါပဲ။ နီးစပ်ရာရွေးတဲ့အခါကျတော့ စစ်ပညာခြင်း အတွေ့အကြုံခြင်းကလည်း မတူဘူး။

နောက်တခုက အလှူရှင်ကို ဆက်သွယ်တဲ့အခါမှာလည်း အဆက်အသွယ်အားကောင်းတဲ့ သူတွေက ပိုစားရတယ်၊ အဆက်အသွယ်မကောင်းတဲ့ စခန်းတွေက ငတ်တယ်။အဲတော့ သာတူ ညီမျှ ဖြစ်အောင်လုပ်ရမယ်ဆိုတဲ့ ကိစ္စမျိုးမှာ ဗဟိုကို ငါတို့ ပုံကြီးလုပ်ကြမယ်ဆိုတာမျိုး အတွေးအခေါ်ချရတော့တာပေါ့။

နောက်တချက်က မဟာမိတ် ဆက်ဆံရေးဆိုတာကလည်း အမှန်မှန်က တိုင်းရင်းသား အင်အားစုတွေဆိုတာကလည်း ဟို  တဆက်စပ်တည်း နိုင်ငံရေးလုပ်နေပေမဲ့ စုစုစည်းစည်း ရှိကြတာ မဟုတ်ဘူး။

ကျနော်တို့ ကိုယ်တိုင်ကိုယ်ကလည်း တိုင်းရင်းသားတွေရဲ့ နီးစပ်တဲ့ မဟာမိတ်တွေရဲ့ သြဇာထိန်းချုပ်မှု အောက်ကနေ ကင်းလွတ်အောင်လုပ်မယ်လို့ သံဓိဋ္ဌာန်ချတဲ့အခါမှာ  ကျနော်တို့ ကျောင်းသားတွေ အလည်ခေါင်မှာ မစုဘဲနဲ့တော့ ကျော်လို့မရဘူးဆိုတာကို သဘောပေါက်လာကြတယ်။

အဲလိုတွေ ဆွေးနွေးရင်း စကားပြောရင်းနဲ့ ဗဟိုကော်မတီရဲ့ သြဇာကို တည်ဆောက်လာကြမယ်၊ အဲလို တည်ဆောက်ဖို့ဆိုတာက စခန်းတိုင်းကနေ ပြီးတော့ ယုံကြည်ကိုးစားတတ်တဲ့ သူတွေ ကိုယ်ကိုယ်တိုင်လည်း ယုံကြည်လေးစားလက်ခံနိုင်တဲ့ သူတွေကို ဗဟိုကို ကိုယ်စားလှယ်ပို့ပါ ဆိုတာမျိုးတွေလုပ်လာတယ်၊ စောပိုင်းတုန်းကတော့ ဗဟိုကို ကိုယ်စားလှယ်ပို့တယ်ဆိုတာက  စခန်းတိုင်းက စခန်းတိုင်းမှာ ရှုပ်တယ်လို့ ယူဆတဲ့ သူတွေကို ဗဟိုသွားဆိုပြီးတော့ လွှတ်လိုက်တာ။ အဲလို ပုံဆန်မျိုးနဲ့ ဗဟိုကော်မတီကို လွှတ်တာကို။

နဂိုကတည်းကလည်း ဗဟိုကော်မတီကို မလေးစားပါဘူး ဆိုမှ အဲလို လူမျိုးတွေကို ဗဟိုကော်မတီကို ပို့တယ်ဆိုတော့ ဗဟိုကော်မတီကို ဘယ်သူကမှ လေးစားပါဦးမလဲပေါ့ အဲဒါမျိုးတွေကို ကျနော်တို့ ချပြဆွေးနွေးရင်း အလည်ခေါင်မှာ စုစည်းဖို့ လိုတယ်ဆိုတာကို လုပ်လာခဲ့ကြတယ်။ အစောပိုင်းတုန်းက ကောက်ရိုးခြေထောက်မြက်ခြေထောက်ပဲ။

တိုင်းရင်းသားတွေနဲ့ နေတဲ့အခါကျတော့အနေအထိုင် ဆင်ခြင်ရတာတွေ ရှိတယ်။ နောက် ဒါပေမဲ့ ကျနော်တို့ ထဲမှာ မဆလထွက်ရဲဘော်တွေ ရှိတယ်ဆိုတော့ကျနော်တို့ တော်တော်လေးကို အနေအထိုင်ဆင်ခြင်ရတယ်။

နောက် ကျနော်တို့ဆီမှာလည်း လက်နက် မရှိဘူး။ လက်နက်က မဟာမိတ်တွေက ပေးမှ ရတာ။ ကျနော်တို့မှာ မဟာမိတ်တွေရဲ့ ယုံကြည်မှု ရအောင်လည်း ကြိုးစားပြီး နေထိုင်ရတယ်။ တော်တော်ကို တည်ဆောက်ရတာမျိုးရှိတယ်။ ကာလ တစုံတရာထိ ကျနော်တို့ လက်နက် ကိုင်ခွင့်ရတာ မဟုတ်ဘူး။ လက်နက် တပ်မပေးဘူး။ ကျနော်တို့ကို သူတို့ဘက်က မြင်တာက ဗမာလေးတွေပဲ။

သူတို့ထဲမှာ ဒီလောက်များတဲ့ ဗမာတွေကို သူတို့လက်နက်တပ်ပေးလိုက်လို့ သူတို့ကို ပြန်ပြီး ဒုက္ခပေးရင် ဆိုတာတဲ့ သံသယ စိုးရိမ်စိတ်က သူတို့မှာ ရှိတယ်။

အဲဒါကို ကျနော်တို့က နားမလည်ဘူး၊ ဟာ ငါတို့က အစိုးရ သုံးဆက်ကြီးတောင် ဖြုတ်ချလာတာ မင်းတို့က မယုံဘူးလား ဆိုပြီးတော့ အဲလိုတွေ ဖြစ်ကြတာလဲ ရှိတယ်။

ကျနော်တို့ ကျောင်းသားတွေက ရှိသမျှ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေဆီကိုရောက်သွားကြတာ ၀ ဘက်က လွဲလို့။ ၀ဘက်ကိုက ဘာကြောင့်မရောက်လဲဆိုတော့ ဘာသာစကားမတူတာနဲ့ မနီးစပ်တာကြောင့်လို့ ကျနော် ထင်တယ်။

ကျနော်က ဗဟိုကို ဒုဥက္ကဋ္ဌ အနေနဲ့ ရောက်တယ်ဆိုပေမဲ့ ဗဟိုမှာ ဒုဥက္ကဋ္ဌ ၂ ယောက်ရှိတယ်၊ကျနော်က ဒုဥက္ကဋ္ဌ စီမံပေါ့။ နောက် ဒုဥက္ကဋ္ဌက စစ်ရေးဆိုပြီး တာဝန်ယူတာပေါ့။ စစ်ရေးတာဝန်ခံက ဦးယုနွယ်ပါ။ ကျနော်လုပ်ရတာက စီမံ ခန့်ခွဲရေး ကိစ္စတွေကို လုပ်ရတာပေါ့ဗျာ။

အဲဒီအချိန်ကတည်းက စပြီးတော့ ညှိုဖို့ ကြိုးစားတာက စခန်းတွေ အသီးသီးကို ပေးနေတဲ့ ထောက်ပံ့ရေးနဲ့ပတ်သက်တဲ့ အလှူရှင်တွေအားလုံးကို ညှိုနှိုင်းပြီးတော့မှစခန်းတွေကို တပြေးညီ အချိုးကျ ပေးနိုင်ဖို့ အတွက် စီမံခန့်ခွဲမှုကို စပြီးတော့ ညှိတာပါပဲ။

နောက် ကျနော်တို့ ကြိုးစားတာက ဘာလဲဆိုတော့တပ်ရင်း တပ်ဖွဲ့တွေ စဖွဲ့ဖို့ပေါ့။တပ်ရင်း တပ်ဖွဲ့တွေ ဖွဲ့စည်းဖို့ဆိုတဲကနေရာမှာ စခန်းတွေ ဆိုရင်လည်း ဘယ်လိုမျိုး ပုံဆန်နဲ့ဖွဲ့စည်းရမယ်၊
အစောပိုင်းတုန်းက ABSDF မှာ ဖွဲ့စည်းပုံမရှိဘူး၊  ကိုယ့်စခန်းနဲ့ကိုယ်သွားကြတာပဲ။ ကိုယ့်စခန်းတွေမှာ ဘယ်လို ဖွဲ့စည်းထားတယ်ဆိုတာတော့ရှိတယ်။ ဥပမာ ဒီစခန်းမှာ ဥက္ကဋ္ဌ နဲ့ ဒုဥက္ကဋ္ဌနဲ့ ရှိတယ်၊ ဟိုစခန်းကြတော့ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးပဲ ရှိတယ်။ အဲလိုမျိုးပေါ့ဗျာ ကိုယ့်စခန်းနဲ့ကိုယ်ပေါ့။ စခန်းတွေအားလုံးပေါင်းပြီးတော့ အဖွဲ့အစည်းတခုအနေနဲ့ ကြည့်မယ်ဆိုရင်တော့ ဖွဲ့စည်းပုံက တပြေးညီမဟုတ်ဘူး။ အဲဒါကို တပြေးညီပုံဆန်ဖြစ်အောင်ပေါ့။

နောက်စောတုန်းက အဖွဲ့အစည်းအနေနဲ့ နိုင်ငံရေး လမ်းစဉ်တို့ စစ်ရေးလမ်းစဉ်တို့ ဆိုတာမရှိဘူး၊ သပိတ်စခန်း ဆန်ဆန်ဖွဲ့စည်းပုံလေးတွေပဲ သွားခဲ့ကြတာပေါ့။

နောက်တပ်ရင်းတွေကို ဖွဲ့စည်းမယ်ပေါ့၊ ကျနော်တို့ ထဲမှာ မဆလ တပ်ထွက်တွေက လွဲလို့စစ်ရေး အတွေ့အကြုံ ဘယ်သူမှ မရှိဘူး။ နောက်တခုက ကျနော်တို့မှာ လူတွေအများကြီးရှိတဲ့ စခန်းပေါ့ နောက် စစ်တပ်ပေါ့ အဲဒီစခန်းနဲ့ စစ်တပ်ကို ဘယ်လိုဖွဲ့စည်းရမလဲဆိုတာမျိုးပေါ့၊ တပ်လည်း ရှိတယ် ရပ်ကွက်ကြီးလည်း ရှိတယ်ပေါ့ဗျာ။အဲဒါအတွက် အုပ်ချုပ်ရေးကို ဘယ်လိုဖွဲ့စည်းမလဲ ဆိုတဲ့ကိစ္စ မျိုးတွေ စပြီးတော့ပြင်ဆင်တာမျိုးတွေ လုပ်တယ်။

ပြောချင်တာက ABSDF ရဲ့ ဖွဲ့စည်းပုံကို တပြေးညီဖြစ်အောင် ၊နောက် ထောက်ပံ့ရေးတွေကို တပြေးညီဖြစ်အောင် စပြီးတော့ပြင်ဆင်ရတယ်၊ နောက် ကျန်းမာရေး ကုသစောင့်ရှောက်မှုကိစ္စတွေ စပြင်ကြတယ်။

အဲဒီအချိန်တုန်းက ဆရာဝန်တွေလည်း ရှိတယ်၊ ဆေးကျောင်းသားတွေလည်း ရှိတယ်၊ ဆရာမ စင်သီယာ ဆေးခန်းက ဆရာမ စင်သီယာဆိုရင်လည်း ကျနော်တို့ ABSDF ကပဲလေ။

ဟိုတုန်းက ဘယ်လိုလဲဆိုတော့ တောထဲမှာငှက်ဖျားဖြစ်ပြီး ပြင်းထန်ရင် ကျနော်တို့က မဲစောက်ကိုပို့ရတယ်။ မဲစောက်ရောက်ရောက်ခြင်းမှာလည်း ဆေးရုံကို ချက်ခြင်းတင်လို့မရသေးဘူးလေ အဲဒါကြောင့် မဲစောက်မှာ တအောင့်လေးနားရတယ်၊ နောက်ဆေးရုံက ပြန်ဆင်းလာရင်လည်း ချက်ခြင်း တပ်ကို ပြန်လို့မရတော့ ခဏလေး နားဖို့ပေါ့ စတည်းချဖို့လည်း လုပ်တယ်။ အဲဒါကြောင့် မဲဆောက်မှာ တည်ဖို့ ဆရာမ စင်သီယာတို့စပြီး တာဝန်ယူရင်းနဲ့ အခု မယ်တော် ဆေးခန်းဆိုပြီး ဖြစ်လာခဲ့တာ။

အဲလို ကျန်းမာရေး ကိစ္စတွေပြီးတော့ ဆေးသင်တန်း၊ စစ်သင်တန်း ကိစ္စတွေအဲဒီအချိန်မှာ အဲဒါတွေ လုပ်တာပါ၊
ရှေ့ဆက်ဖော်ပြပေးပါမည်။
မိတ်ဆွေများအားလုံးကို လေးစားခင်မင်လျက်ပါ။

( ဒေါက်တာနိုင်အောင်ရဲ့ တောင်ပိုင်းနဲ့ မြောက်ပိုင်းခရီးကို ရေးသား  ဖော်ပြရာမှလည်း ကျင့်ဝတ်နှင့်အညီ ဒေါက်တာနိုင်အောင် ပြောတဲ့ အတိုင်းသာ အဓိပ္ပါယ်မလွဲစေဘဲ တိတိကျကျ ဖော်ပြသွားပါမယ်။

ကျမရဲ့ အမြင်နဲ့  ယူဆချက် ၊ သုံးသပ်ချက်၊ သဘောထား လုံးဝ မပါဝင်ဘဲ ကာယကံရှင်တွေ ပြောသမျှကိုသာ ပြန်လည် ဖော်ပြခြင်းဖြစ်ကြောင်း အသိပေးအပ်ပါတယ်)

မေသင်္ကြန်ဟိန်(မြစ်မခ)
16Unlike ·  · 
  • You and 6 others like this.
  • Phyo Mg Mg Win ဆရာမ နောက်ထပ်ရေးရင် tag ပေးနိုင်မလားခင်ဗျ
  • May Thingyan Hein တောင်းပန်ပါတယ် Ko Phyo Mg Mg Win ရေ ဒီအင်တာဗျူးတွေကို ကြိုက်တဲ့သူ ရှိသလို၊ မကြိုက်တဲ့ သူတွေလည်း ရှိနိုင်တဲ့အတွက် မည်သူ့ကိုမှ ကျမ tag မပေးပါဘူးရှင်၊ ဖတ်ချင်တယ်၊ ကိုယ့် မိတ်ဆွေများ ကိုလည်း ဖတ်စေချင်တယ်ဆိုရင် ရှယ်သွားလို့ရပါတယ်။ ကျေးဇူးတင်ပါတယ်။
    15 hours ago · Like · 1
  • Ko Htoo Htoo မေ အမောပြေပါစေ။
    ကျမ်းမာချမ်းသာပါစေ။
    15 hours ago via mobile · Like · 2
  • Hlaing Wintun Thanks , I really appreciate you .
    13 hours ago via mobile · Like · 2
  • Zweleo Thiha နောက် ကျနော်တို့ဆီမှာလည်း လက်နက် မရှိဘူး။ လက်နက်က မဟာမိတ်တွေက ပေးမှ ရတာ။ ကျနော်တို့မှာ မဟာမိတ်တွေရဲ့ ယုံကြည်မှု ရအောင်လည်း ကြိုးစားပြီး နေထိုင်ရတယ်။ တော်တော်ကို တည်ဆောက်ရတာမျိုးရှိတယ်။ ကာလ တစုံတရာထိ ကျနော်တို့ လက်နက် ကိုင်ခွင့်ရတာ မဟုတ်ဘူး။ လက်နက် တပ်မပေးဘူး။ ကျနော်တို့ကို သူတို့ဘက်က မြင်တာက ဗမာလေးတွေပဲ။
    သူတို့ထဲမှာ ဒီလောက်များတဲ့ ဗမာတွေကို သူတို့လက်နက်တပ်ပေးလိုက်လို့ သူတို့ကို ပြန်ပြီး ဒုက္ခပေးရင် ဆိုတာတဲ့ သံသယ စိုးရိမ်စိတ်က သူတို့မှာ ရှိတယ်။
    အဲဒါကို ကျနော်တို့က နားမလည်ဘူး၊ ဟာ ငါတို့က အစိုးရ သုံးဆက်ကြီးတောင် ဖြုတ်ချလာတာ မင်းတို့က မယုံဘူးလား ဆိုပြီးတော့ အဲလိုတွေ ဖြစ်ကြတာလဲ ရှိတယ်။ ........................... ကိုနိုင်အောင်( ဒေါက်တာနိုင်အောင်) ရဲ့ ၊ ဒီအမြင်ကို ထှောက်ခံ ပြီးမှတ်ချက်ပေးပါတယ်။ ၈ လေးလုံး အရေးတော်ပုံကြီးနောက်ပိုင်းမှာ မြန်မာပြည်နယ်စပ့်တော်လှန်ရေး နယ်မြေတွေ တလျှောက် ပြည်တွင်းကနေ ရောက်ရှိလာ ခဲ့ကြတဲ့ ရဟန်းရှင်လူကျောင်းသားပြည်သူတွေ (အေဘီရဲဘော်တွေ အပါအဝင်) ရဲ့ ပေးဆပ့်မှု့ တွေကြောင့် လူမျိုးစုလက်နက်ကိုင်မဟာမိတ်တွေ ရဲ့ သံသယဆူး ဒါဏ်ကို အားလုံးမဟုတ်တောင်၊ အတော်အတန် အောင်မြင်စွာ ချေဖျက်ကုစားပေးနိုင်ခဲ့ကြတယ်။ ဒီအတွက် တချို့ တွေ အသက်တွေ၊ ဘဝတွေ ပေးဆပ့်ခဲ့ကြရတယ်။ ကိုယ်ပိုင်လက်နက် ကိုင်ချင်လွန်းလို့ ၊ ရချင်၊ လိုချင်လွန်း လို့  လူမျိုးစုနယ်မြေတွေကို ထိုးစစ်ဆင်လာကြတဲ့၊ အစိုးရတပ့် တွေကို ခုခံတဲ့စစ်ပွဲတွေမှာ လိုက်ပြီးကူတိုက်ပေးခဲ့ကြရတယ်။ တိုက်ပွဲတွေမှာ ၇န်သူ့ သေနတ်ရခဲ့ရင်ယူနိုင်တယ်ဆိုတဲ့သဘောတူညီချက်မျိုးတွေနှင့်ပေါ့။ ဒီလို သူတို့အတွက် လိုက်တိုက်ပေးကြတာတောင်၊ " ဒီဗမာတွေ သူတို့ အချင်းခြင်းတွေ့ လို့ ပြစ်ရင်ပြစ်၊ မပြစ်ရင်တော့ လက်မနေးစေနဲ့" လို့  သူတို့လူကြီးတွေကမှာထားကြတယ်လို့ ၊စစ်ကြောင်းအတူထွက်၊ စစ်အတူတွဲတိုက်ပြီး၊ နောက်ပိုင်းမှာ သူငယ်ချင်းတွေဖြစ်သွား ကြတဲ့အခါပြန်ပြောဖြစ်ခဲ့ကြပါတယ်။
    7 hours ago · Edited · Like · 1

No comments:

Post a Comment