Saturday, February 2, 2013

နန်းအောင်ထွေးကြည်ရဲ့ နာမည်ကျော်ရေလှိုင်းစစ်ဆင်ရေး (သို့မဟုတ်) မေးခွန်းထုတ်စရာများ (၉)



by Tamar Khin on Saturday, February 2, 2013 at 6:42pm ·

သက်ဆိုင်သူများသို့

ဘာကြောင့်လည်းဆိုတော့ အပတ်စဉ်(၅)ဆန္ဒပြတာနဲ့ ပတ်သက်ပြီး “ခင်ဗျာ့တယောက်လုံးရှိရဲ့ နဲ့ ဒီလိုဖြစ်ရသလားဗျာ လို့”ကိုရဲလင်းကို အပြစ်ဆိုချင်ဟန်နဲ့ တောထဲရောက်လာခါစမှာပဲ ပြောခဲ့တဲ့ ကိုထွန်းအောင်ကျော် (ကိုရဲလင်းမှတ်တမ်းအရ)၊ ဆန္ဒပြပွဲမှာလည်းမပါ ဗဟိုကော်မတီ ဖြစ်မြောက်ရေးမှာလည်း မပါခဲ့တဲ့ ရဲဘော်ဟောင်းတွေက နာမည်နဲ့လူနဲ့တောင် တွဲမသိခဲ့လို့ လူသစ်တွေလို့ ပြောပြောနေတဲ့ ဒါတွေဖြစ်ခါနီးအလိုမှာမှ တောထဲရောက်လာတဲ့ ကိုချိုကြီး၊ ကိုအောင်မင်း၊ ကိုကျော်ဝေ၊ ကိုကျော်ဌေး၊ အောင်ဖိုးတို့ရော ၊ ဆန္ဒပြရာမှာမပါ ရွေးကောက်ပွဲ ပြီးမှ အားဖြည့်ဖို့ရောက်လာခဲ့တဲ့  (၄၀၁)တပ်ရင်း၊ (၅၀၁)တပ်ရင်းကရဲဘော်တွေ ဖမ်းဆီးနှိပ်စက် အသတ်ခံခဲ့ရတာတွေက ဘာစွပ်စွဲချက်တွေနဲ့လဲဆိုတာ သိဖို့လိုလို့ပါ။

ရန်အောင်ကိုဖမ်းတဲ့အချိန် “ရန်အောင်က ဟုတ်တယ် မြို့မှာကတည်းက ငါတို့နောက်ကိုလိုက်ရင် သူဘယ်လောက် ဘယ်လောက်ရ တယ်”လို့ ကျမကိုပြောခဲ့တဲ့ ဗဟိုကော်မတီဝင် ကိုညီညီကျော်(ခ) ကျော်ကြီး (အေဘီ၊မန္တလေး)က  အရိုက်အနှက်မခံရပါပဲနဲ့ ဘာကြောင့် အဲဒီအချိန်က အဲဒီလိုပြောခဲ့ရသလဲဆိုတဲ့ ကျမမေးခွန်းကို မဖြေသေးဘူး။

အစောကြီးကိုယ်လွတ်ရုန်းပြေးပြီး ရန်အောင်အပါအဝင် တခြားလူတွေဟာ ဘယ်လိုညှင်းဆဲပြီး ဘယ်လိုအသတ်ခံခဲ့ရတယ် ဆိုတာတွေကို ကိုယ်တိုင်မမြင်တွေ့ခဲ့ရဘဲနဲ့တောင် မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုအခွေ လက်ထဲမှာရှိနေသလိုပဲ တဆင့်ပြီးတဆင့် ခရေစေ့တွင်းကျ ရေးပြနေပုံများ ဖတ်တဲ့သူတောင် မဖတ်ရဲလောက်အောင်ပါပဲ။ အဲဒါတွေကို အဲဒီအချိန်မှာ မျက်မြင်ကိုယ်တွေ့ မှတ်တမ်းလိုက်ယူခဲ့တဲ့သူ ရှိခဲ့ရင်တောင် ဘယ်လောက်သတ္တိ ကောင်းကောင်း အဲဒီလိုအနိဌာရုံ မျိုးတွေကို  ကိုညီညီကျော် ရေးပြနေသလိုထိ တဆင့်ပြီးတဆင့် အသေးစိတ် လိုက်ကြည့်ရဲ မှတ်ရဲမယ် မထင်ပါဘူး။

ခေါင်းမာတဲ့ ရန်အောင်ခေါင်းက ဘယ်လို ဘယ်လိုဆိုတာ ကိုညီညီကျော် ရေးပြနေတာနဲ့ “ရန်အောင်က မယုံရဘူး။ အကုန်ဖွင့်ပြောရင် သူ့ကို မသတ်ဘူးထင်ပြီး ကိုသန်းဇော်တို့ပေးတဲ့ စီးကရက်လေး တဖွာဖွာသောက်ရင်း အကုန်ဖွင့်ပြောတာ ၊ ငါတောင် ခင်ချိုဉီးကို ရန်အောင်က မယုံရဘူး သတိပေးရသေးတယ်။ ဟိုရောက်တော့ သူ့ပါသတ်မဲ့အထဲ ပါတယ်ဆိုတာလည်း သိရော ရန်အောင်ငိုတယ်” လို့နန်းအောင်ထွေးကြည် ပြောပြဖူးတာနဲ့လည်း ကွဲလွဲနေလို့ပါ။

ကိုညီညီကျော်ရော၊  နန်းအောင်ထွေးကြည် ပါသမျှ  လုံးဝါးမျိုချပြီး  အပြာပြော အပြာရေးမျိုးနဲ့ အပျက်မကိုသာ ယူထားပုံရတဲ့ အပြာကျမ်းတတ် ဗလချာ အောင်မိုးဝင်းရော၊ မျက်စိနဲ့ ကိုယ်တိုင်မြင်တွေ့ခဲ့ရတာမဟုတ်ပဲ တဉီးစီတဉီးစီအကြောင်းကို အဲဒီလောက် အသေးစိတ် ရေးနိုင်အောင် ပြန်ပြောပြခဲ့တဲ့ ရဲဘော်တွေရဲ့နာမည် အတိအကျလေးတွေကိုလည်း ဖော်ပြပေးစေလိုပါတယ်။

အဲဒီရဲဘော်တွေအနေနဲ့လည်း ဘယ်သူ့ကို ဘယ်သူက ဘယ်လိုလုပ်တာဆိုပြီး လုပ်ခဲ့ကြသူတွေရဲ့ နာမည်အတိအကျလေးတွေ  ဖြစ်စဉ်တခုချင်းအလိုက် ရေးပေးစေလိုပါတယ်။ တရားရုံးမှာ အမှု့ရင်ဆိုင်တဲ့အခါ  အဲဒီလူတွေကမှ မျက်မြင်သက်သေ စစ်စစ် တွေပါ။ မှတ်တမ်းတင်ထားဖို့လည်းလိုသလို ပြောသူရောရေးသူပါ  ပြောခဲ့ရေးခဲ့တဲ့အပေါ်မှာ တာဝန်ခံကြဖို့လည်းလိုပါတယ်။

(ကျော်ခိုင်ဝင်းက စစ်ဆေးမေးမြန်းခဲ့သူလည်း မဟုတ်ပါ၊ အပြင်မှာ တခါတလေမှသာ အစောင့် တာဝန်ကျခဲ့တဲ့ ဝါဒဖြန့်ချီရေး ရဲဘော်သာ ဖြစ်ပါတယ်။ ရေးထားခဲ့ကြတဲ့ လူအယောက်စေ့တိုင်းအတွက် စစ်ဆေးမေးမြန်းမှု့တိုင်းမှာ ကျော်ခိုင်ဝင်းချည်း အစောင့်တာဝန်ကျနေတာမျိုးလည်း မဟုတ်ခဲ့ပါ။ အလှည့်ကျနဲ့ စောင့်ရတာမျိုးပါ။ ဒါတွေအားလုံးကို ကျော်ခိုင်ဝင်းတယောက် တည်းက တွေ့မြင်ခဲ့ရပါတယ်ဆိုတာ ဟုတ်နိုင်ပါ့မလား။ ဟုတ်တယ်ဆိုရင်တော့ ကျော်ခိုင်ဝင်းက သက်သေစစ်စစ်တယောက် ဖြစ်ပါလိမ့်မယ်။

သင်းသင်းညီက မစဉ်းစားတတ်သေးတဲ့ ကလေးသာသာ အရွယ်လေးပါ။ ဒါ့အပြင် နန်းအောင်ထွေးကြည် မှာထားပြောထားသမျှ ဘာမဆိုလိုက်ပြောလိုက်လုပ်မဲ့ ငယ်ကြောက်တယောက်လိုလည်း ဖြစ်နေသူပါ။ ဖြစ်ခဲ့တာကို အမှန်အတိုင်း ပြောရင်သာပြောမယ် ။ မဟုတ်တာကိုတော့ လုပ်ကြံ မပြောတတ်တဲ့ လက်ရှိနယ်စပ်မှာရှိနေတဲ့ အဖမ်းခံခဲ့ရတဲ့ နန်းစောကို နန်းအောင်ထွေးကြည် လုံးဝ မသုံးရဲပါ။

ဒီနေရာမှာ  ကြုံတုန်းလေး သင်းသင်းကိုလည်း မေးကြည့်ချင်ပါတယ်။ သင်းသင်း အင်တာဗျူးထဲမှာ ပြောခဲ့သလို “သူတို့တတွေက ထောက်လှမ်းရေး မဟုတ်ပါဘူးလို့ ကျမက ပြောတော့ ကျမကို ထပ်နှိပ်စက်ခဲ့ကြပါတယ်”ဆိုတာလေးပါ။ သတင်းယူပေးဖို့ ထောင်ထဲ တမင်ထည့်ထားခဲ့တဲ့ ကလေးသာသာအရွယ် ကိုယ့်ကျောင်းသားရဲမေကို အဲဒီလိုပြောလို့ ထပ်နှိပ်စက်ခဲ့သူက ဘယ်သူလဲ သင်းသင်း။ ကိုမျိုးဝင်းကိုယ်တိုင်ပဲလား၊ ကိုသံချောင်းလား၊ ကိုသန်းဇော်လား၊ ဇော်ဇော်မင်းလား၊ အောင်စိုးမြင့်လား၊ နာမည်လေး အတိအကျလေးနဲ့ ပြန်ပြောပြပေးပါ။

တယောက်ရဲ့စိတ်နေသဘောထားတွေကို တယောက်ကသိနေကြပြီးသားဖြစ်တဲ့ မြောက်ပိုင်းရဲဘော်ရဲမေတွေအနေနဲ့ အထူးသဖြင့် အငယ်ဆုံးမို့ လူကြီးတွေရော ရဲဘော်ရဲမေတွေရော အားလုံးက ဝိုင်းချစ်ခံခဲ့ရတဲ့ သင်းသင်းကိုမှ အဲဒီလို ထပ်နှိပ်စက်ခဲ့တာတွေ လုပ်ခဲ့တယ်ဆိုတော့  ယုံရခက်နေလို့ကို နာမည်သိချင်နေတာပါ။

နန်းအောင်ထွေးကြည်ကိုတောင် ရိုက်တော့မယ်လုပ်တိုင်း ကြောက်ပြီး တွန့်တွန့်သွားလို့ သနားသွားပြီး မလုပ်ရက်ဘူးဆိုတဲ့ စကားတွေ ကိုသန်းဇော်တို့ပြောပြတာ အဲဒီအချိန်က အဖမ်းမခံရသေးတဲ့ ကိုညီညီကျော်၊ ကိုရဲလင်းတို့ ကြားကြသိကြမှာပါ။ သင်းသင်းဆိုရင် အဲဒီလိုလုပ်ဖို့ကတော့ ပိုပြီးတောင် ဝေးလာဝေးနေပါသေးတယ် ။ အခုချိန်မှာ သင်းသင်းလည်း မငယ်တော့ဘူး၊ ကိုယ်ပြောတဲ့စကားကို ကိုယ့်ဘာသာကိုယ် တာဝန်ယူဖြေရှင်းရမယ်ဆိုတာလောက်တော့ သိသင့်ပြီ ထင်တာပဲ။ သိတဲ့အတိုင်း မှန်တဲ့အတိုင်း ပြောလို့ရတယ် မမှန်တာတွေကိုတော့ ဘယ်သူ့အတွက်ကြောင့်မှ နောက်ထပ် မပြောမိစေချင်လို့ပါ။

ကျမကတော့ ညှင်းဆဲတာရာ သတ်တာရော မျက်မြင်ကိုယ်တွေ့ မမြင်ခဲ့ရတော့ သေမှု့သေခင်း နဲ့ တရားစွဲတာမျိုးမှာ မျက်မြင် သက်သေမဖြစ်နိုင်ပါဘူး။ နောက်ကွယ်ကနေ ဒါတွေကို ဘယ်သူတွေက အစီစဉ်တကျလုပ်သွားတာလဲဆိုတဲ့ တကယ့်အရင်းအမြစ် ကျတဲ့ အမှန်တရားကို ဖော်ထုတ်ရာမှာသာ ကျမက သက်သေဖြစ်နိုင်တာလေ။ ထားတော့။

“နန်းအောင်ထွေးကြည်က မပြောနဲ့လို့ တားထားလို့သာ အန်တီဒေါ်သောင်းလှ အသတ်ခံခဲ့ ရတဲ့ ကိစ္စ---“ဆိုပြီး ကိုမောင်မောင်(ရွေကရဝိတ်) ပြောခဲ့တာလည်း တပိုင်းတစ ဖတ်လိုက်ရ ပါသေးတယ်။ ဘာတွေလဲဟလို့တောင် အော်ချင်လာတယ်။ တချို့ ရဲဘော်တွေတောင် အန်တီ ဒေါ်သောင်းလှကို မသိမှီလိုက်ကြပါဘူး။ ညီအတွက် စိုးရိမ်စိတ်နဲ့ တောထဲရောက်လာပါတယ် ဆိုတဲ့ ကိုမောင်မောင်က ဘယ်လိုလုပ် အန်တီဒေါ်သောင်းလှကို သိနေခဲ့ရတာပါလဲ။  အမျိုးတော်နေလို့လား။ အန်တီဒေါ်သောင်းလှက ဒါတွေ မဖြစ်ခင် အစောကြီးကတည်းက ဖျားပြီး ဆုံးသွားတာပါ။

သူမဖျားခင် တပတ်လောက်ထိ ကျမနဲ့ တခြင်ထောင်ထဲ အတူအိပ်ခဲ့တာပါ ။ ကျမ ဆေးလိပ်သောက်ရင်း အိပ်ပျော်သွားတော့ သူ့ခြင်ထောင် မီးလောင်သွားလို့ ကျမကို သူ့အခန်းထဲကနေ မောင်းထုတ်လိုက်တယ်။ ဆေးဆရာမ အန်ရမ်တီးကတောင် သေခါနီး လူတွေက သူတို့ကိုယ် သူတို့သိတယ် သူကိုသံယောဇဉ်တွယ်ပြီး ကျန်မနေရစ်အောင် နင့်ကို သူ့အခန်းထဲကနေ မောင်းထုတ် လိုက်တာပဲလို့ ပြောခဲ့သေးတယ်။ ကေအိုင်အေဆေးရုံမှာ ကျမတို့ကိုယ်တိုင် သွားပြုစုခဲ့ကြတာပါ။ ဘာတွေများ ကြားထားပြန်လို့လဲ။

မျှော်လင့်ထားသလိုပါပဲ အမှန်တဝက် အမှားတဝက် လိမ်ယှက်ရောနှော မြက်ခင်းသစ်ရဲ့မူ အတိုင်း ရေးသားတင်ပြထားတဲ့ ကိုမောင်မောင်(ရွေကရဝိတ်)ရဲ့စာအုပ်ထဲက မှတ်သားစရာလေး တခုတော့ ရလိုက်ပါတယ်။

ဘာတဲ့ ပေါတာအဆွဲခံရတဲ့ အညိုရောင်၊ အမဲရောင်နယ်မြေက လယ်သမားယာသမားသားသမီး ကျောင်းသားရဲဘော်တွေ တော်လှန်ရေးလုပ်တာ ဘာမှ စွန့်လွတ်ရတာ မဟုတ်ပါဘူး ရွာပြောင်းတဲ့သဘောလောက်ပါတဲ့။  ပညာလည်းမတတ်၊ နှီးဖြာတောင်းယက်တတ်တာကိုပဲ အဟုတ်ကြီးထင်ပြီး ဂုဏ်ယူနေသေးတယ်။ ဝတ်စရာ စားစရာ ကုန်းကောက်စရာမရှိလောက် အောင် ဆင်းရဲငတ်ပြတ်နေကြတဲ့ဘဝက လာကြတာမို့  စွန့်လွတ်စရာရယ်လို့ ဘာမှမရှိကြတဲ့အပြင် ငတ်နေပြတ်နေကြလို့ပဲ တော်လှန်ရေးလုပ်နေကြသယောင် ချိုးချိုးဖဲ့ဖဲ့ရေးသားထားတာလေးကိုပါ။

ကျမတို့နိုင်ငံရဲ့မြေပုံလေးက အဖြူရောင်နယ်မြေ၊ အညိုရောင်နယ်မြေ၊ အမဲရောင်နယ်မြေ ဆိုတဲ့ အင်မတန်လှပတဲ့
ကာလာလေးတွေနဲ့ ချစ်စရာလေး မဟုတ်လား။ ဒီစကားက တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ အနေအထားတွေကို ထည့်သွင်းမစဉ်းစားပဲ အဲဒီလူတွေကပဲ ပေါတာအဆွဲခံ ရချင်လို့ အဲဒီနယ်မြေတွေမှာ နေနေကြရသလို အညိုရောင်၊ အမဲရောင်နယ်မြေအဖြစ် သတ်မှတ်ခံထားရတဲ့ ကိုယ့်ကိုယ်ပိုင်ဒေသမှာ ကိုယ့်လူမျိုးရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက်  တော်လှန်တိုက်ပွဲဝင်နေကြတဲ့ ဒေသခံတိုင်းရင်းသား အဖွဲ့အစည်းအားလုံးကိုပါ သွယ်ဝိုက် စော်ကားလိုက်တာပါ။

အမေငတ်နေကြတဲ့ တောထဲကရဲဘော်ရဲမေတွေက ရောက်လာကြတဲ့မိဘတွေကို ကိုယ့်မိဘတွေလို သဘောထားပြီး
ကျမတို့တတွေ စားနေရသလို စားနိုင်ကြမှာ မဟုတ်မှန်းသိလို့ အဖွဲ့က ဧည့်စရိတ် ထုတ်ပေးပြီး ရဲဘော်ရဲမေတွေကို တာဝန်ယူချက်ပြုတ်ကျွေးမွေး ခိုင်းခဲ့တာပါ။ ဒါကိုပဲ ကိုမောင်မောင်(ရွေကရဝိတ်)က ထောက်လှမ်းရေးရဲဘော်တွေကို တခြားရဲဘော်တွေက ကြောက်ရသယောင် အထူးသဖြင့် ဝါဒဖြန့်ချီရေးရဲဘော်တွေက အဲဒီလိုကြောက်ကြရတော့ သူတို့ရှိတဲ့ပိုက်ဆံလေးတွေ ဘာလေးတွေ ဆက်ကြေးသဘောလာပေးကြတော့ ထောက်လှမ်းရေးတဲမှာ ဟင်းနည်းနည်း ကောင်းကောင်း စားရတယ်ပေါ့။ တချို့ရဲဘော်တွေကလည်း ဟင်းကောင်းတော့ လာစားကြတယ်။ သူတို့အခေါ် ”ခွင်တွေ့ပြီ”ပေါ့။ အထူးသဖြင့် ရင်းမှူး သိုက်ထွန်းဉီးလို လူမျိုးဆိုပြီး ရေးထည့်ထားတယ်။ အရေးအသားထဲက ဇာတိပြဆိုသလို စိတ်ဓါတ်အဆင့်အတန်းနေရာမှာ ရင်းမှူးသိုက်ထွန်းဉီးရဲ့ ခြေဖျားအောက်က မြေမှုန့်လေးတမှုန် စာလောက်တောင် မရှိပါဘူးဆိုတာ ပြလိုက်တာပါပဲ ကိုမောင်မောင်။

ကိုမျိုးဝင်းတို့၊ ကိုသံချောင်းတို့ကို ရဲဘော်တွေက တရိုတသေလုပ်တာတော့ ကြောက်ရလို့ လုပ်ကြရတယ်ဆိုတဲ့သဘောမျိုး။ ရင်းမှူးသိုက်ထွန်းဉီးကို ရဲဘော်တွေက အဲဒီလို လုပ်စရာမလိုတာကိုတော့ သူ့ကိုလည်း ဘယ်သူမှ မလေးစားကြပါဘူးဆိုပဲ။ တော်တော် အဓိပ္ပါယ်ကောက်တော်တဲ့ လူပဲ။ ဒီလိုမှန်းသိရင် ကေအိုင်အေဘက် ခဏခဏရောက်တယ်ဆိုတုန်းက ရင်းမှူး သိုက်ထွန်ဉီးရဲ့ (၇၀၂) တပ်ရင်းကုန်းကို အလည်ခေါ်လိုက်ပါတယ်။ သူ့ရဲဘော်တွေနဲ့ သူဘယ်လို နေထိုင် ဆက်ဆံတယ်။ သူ့ရဲဘော်တွေကော သူ့လုပ်ဖော်ကိုင်ဘက်တွေရော သူ့အပေါ်ဘယ်လို သဘောထားဆက်ဆံကြတယ် ချစ်ခင်ကြတယ်ဆိုတာ လေးတွေ တွေ့မြင်သွားအောင်ပါ။ သေချာတာကတော့ ရင်မှူးသိုက်ထွန်းဉီးက ကလိမ်ကကျစ် အပြောမျိုးတွေ အရေးမျိုးတွေ မလုပ်တတ်ဘူး။ ခင်ဗျာ့တို့ ညီအကိုနှစ်ယောက်ထက် အများကြီး ရိုးသားတယ်ဆိုတာ မြောက်ပိုင်းရဲဘော်ရဲမေတွေအားလုံးက အသိမှတ်ပြုထားတယ်။

ရဲဘော်ရဲမေတွေရဲ့ ခွဲတန်းထဲကနေ ရဲဘော်တွေ အသင့်ချက်ကျွေးတာလည်း အခန့်သား ထိုင်စားသေးတယ်။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဝယ်ကျွေးခဲ့တာလည်း မဟုတ်ပါပဲနဲ့တောင် အဖွဲ့က ရဲဘော်တွေကို စော်ကားလိုက်သေးတယ်။ ကျနော်တို့တောင် ဒီလိုစားရရင် ထောင်ထဲက ကလေးတွေ ဘယ်လိုစားရမလဲပေါ့ အင်မတန် ကိုယ်ချင်းစာနာစိတ်ရှိတဲ့ အတုအယောင် သူတော်ကောင်း အသံလေး ကလည်း ဟစ်လိုက်ချင်သေးတယ်။ ကျန်တဲ့ ရဲဘော်ရဲမေတွေကရော ဘာတွေကို စားနေကြရပါသလဲ ။ ထောင်ထဲကကလေးတွေ ထောင်ထဲ မရောက်ခင်ကရော ဘာတွေကို စားနေခဲ့ကြရသလဲ ပြန်မေးကြည့်ပါဉီး။

တော်တော်လေး ကိုယ်ချင်းစာတရား ကြီးမားလှပါပေတယ်။ ဒါတောင် ခဏလာနေတဲ့ ဧည့်သည်မို့ အသင့်ဝယ်ချက်ကျွေးတာစား နေရတဲ့ အနေအထားမျိုးနဲ့တောင် ဒီလိုစကားမျိုး ထွက်ခဲ့ရင် ရဲဘော်ရဲမေတွေလိုများ နှစ်ရှည်လများနေရရင် ဒီလို အောက်တန်းကျ တဲ့ အတွေးမျိုး ၊ စိတ်ဓါတ်မျိုးနဲ့ဆို ခိုးစား ဝှက်စား အဆင့်လောက်ပဲ ရှိတယ်။

တောထဲမှာ မိဘဆွေမျိုးမရှိ ၊ သွားစရာမရှိ အလုပ်တာဝန်ပြီးတာနဲ့ ဒီရှိတဲ့အဝန်းအဝိုင်းလေး မှာပဲ  တတဲပြီးတတဲ လှည့်ပတ်သွားကြ ရောက်တဲ့တဲမှာ ကူစရာရှိကူ၊ စားစရာရှိ ရင်စား ၊ ဂစ်တာတီးကြ ၊ ဝိုင်းဖွဲ့သီချင်းဆိုကြ ၊ ရောက်တက်ရာရာပြောကြ ဒီလိုပဲ ကျမတို့ အားလုံး နေလာခဲ့ကြရတာပါ။ အဖွဲ့ကထုတ်ပေးတဲ့ ယူနီဖောင်းကလွဲရင် အရာအားလုံးဟာ ရဲဘော်ရဲမေ အားလုံးနဲ့ သက်ဆိုင်တဲ့ အရာတွေချည်းပါ ။ ဘယ်သူ့ ဘယ်သူမှ ဘာမှ မပိုင်ဘူး။ စားစရာနဲ့ ကြုံရင် “ဟာ-ခွင်ပဲ”လို့ ဟာသသဘော ပြောကြတာ။ တခါတလေ ကျမတို့ရဲမေတွေ တောထဲ ဟင်းရှာလည်းမသွားချင် ချက်လည်းမချက်ချင်ကြရင် ဒီနေ့ ရဲမေဆောင် တဆောင်လုံး မီးခိုး တိတ်ဆိုပြီး လေးငါးယောက်စီအုပ်စုခွဲ ကိုယ်ခင်ရာမင်ရာတဲမှာ သွားပြီး ချက်ပြုတ်စားသောက် ကြ ဒီလိုပဲ ရှာကြံပျော်နေခဲ့ကြ ရတာပါ။ ရဲဘော်ရဲမေတွေရဲ့ ခွဲတန်းထဲက ယူစားထားတဲ့ ထမင်းတွေ ဟင်းတွေ ပြန်မအန်ထွက်ပါစေနဲ့လို့ပဲ ဆုတောင်းပေးလိုက် ပါတယ်။

တက်လာသမျှလူတွေကို အကုန်ခုတ်ထစ်သတ်ဖြတ်နေတဲ့ အဖွဲ့လည်းမဟုတ်တော့ ကိုယ့်ကိုယ် ကို ဂျိမ်းစဘွန်းစတိုင်နဲ့ မင်းသားနေရာက ထားရေးပေမဲ့ ရဲဘော်ရဲမေတွေဖြစ်တဲ့ ကျမတို့အတွက် တော့ ဂျိန်းစဘွန်းငပေါကြီး လိုပါပဲ။ ကျမတောင် ဟာသ ပြောခဲ့ဖူးတယ်။ ”တောထဲမှာ ကား တိုက်ခံရလို့ ငါ သေသွားတယ်ဆိုရင် ငါ့အိမ်က ယုံကြမှာ မဟုတ်ဘူး။ တောထဲမှာ ဘယ်က ကားက ဝင်တိုက်သွားတာပါလိမ့် ဖြစ်နေကြမှာလို့” လေ။ ဒါက “သူပုန်”ဆိုတာကို အစိုးရဝါဒ ဖြန့်ထားတာလောက်သာသိပြီး ကြိုကြောက်နေတဲ့ မြို့ပြကလူတွေကို အစိုးရနည်းတူ သူ့အခြေအနေက စိတ်မထင်ရင်မထင်သလို အချိန်မရွေး ခုတ်သတ်ခံရနိုင် တာတောင် သူသတ္တိရှိတယ်ပေါ့ ခပ်ဖိန့်ဖိန့်လေးလိမ့်နေတာပါ။

သူပုန်စခန်းသွားရတာ သိတဲ့လူတွေအတွက်တော့ ငှက်ပျောသီးအခွံခွာရတာကမှ ခက်နေပါအုံးမယ်။ ဒါကြောင့်လည်း ကိုညီညီဆမား ကေအိုင်အေကဗိုလ်မှူးပန်းအောင်နားနေတဲ့ အချိန်တုန်းက  ကိုမောင်မောင် ခဏခဏရောက်ခဲ့တယ်လို့ ပြောခဲ့တာပေါ့။ ဒါပေမဲ့ အစစ်လေးတော့ပါလိုက်သေးတယ် ” ကျွန်တော်က သိပ်ကြောက်တတ်တဲ့သူ မဟုတ်တော့” တဲ့။ သူရေးခဲ့ သလို  အမှန်တကယ် ကြောက်နေရတဲ့ အနေအထားမျိုးနဲ့ စိတ်မထင်ရင် မထင်သလို ခုတ်သတ်တတ်တဲ့ သူတွေသာ အမှန်ဖြစ်ခဲ့ရင်  ဒီလူလား ခဏခဏ တက်လာရဲဖို့ နေနေသာသာ ကိုမောင်မောင် (ရွေကရက်ဝိတ်) ခရီးသွားဆောင်ပါးတောင် ရေးချိန်ရလိုက်မှာ မဟုတ်ဘူး။ တမြို့တည်းသား ကိုအောင်နိုင်နဲ့ ဆက်ဆံရတာကျတော့ အဆင်မပြေဘူးတဲ့။ လူမိုက်လူကြမ်း ကြီးအဖြစ် ဝိုင်းပြောဆိုခံနေရတဲ့ ကိုမျိုးဝင်းနဲ့ ဆက်ဆံရတာ ပိုပြီး အဆင်ပြေတယ်ဆိုပါလား။ ကြည့်ရတာ ကိုမျိုးဝင်းက ကိုအောင်နိုင်ထက် ပိုပြီး ယဉ်မွန်ပုံရတယ်။

ငါ့ညီခံရလို့ ငါရေးတာ၊ အသားအနာမခံနိုင်လို့ ထွက်ဆိုခဲ့ရတာပါမှန်ရင် ကိုညီညီဆမားရခဲ့ပါတယ်ဆိုတဲ့ ဒဏ်ရာဒဏ်ချက် အနာရွတ်လေးတွေ အများကြည့်မြင်နိုင်အောင် သက်သေပြ ကြည့်လေ။ တကယ်တန်း ခံခဲ့ကြရတဲ့သူတွေက ကိုညီညီဆမားလည်း မဟုတ်ဘူး၊ နန်းအောင်ထွေးကြည်လည်း မဟုတ်ဘူး။ သူတို့ ပြန်လက်ညိုးထိုးပြနေကြတဲ့ နှိပ်စက်ညှင်းပမ်း အသတ်ခံလိုက်ရတဲ့ သူတွေသာ ဖြစ်တယ်။ အဲဒီလူတွေအတွက် အမှန်တရားကိုပဲ ကျမလိုချင်တယ်။

နန်းအောင်ထွေးကြည် နေထိုင်ခဲ့တဲ့အိမ်ကြီးရဲ့ ကြီးကျယ်ခန်းနား အဆင့်အတန်းမြင့်မားလှပုံ အင်မတန်မှ ချမ်းသာကြွယ်ဝလှပုံ တွေကြောင့် သွားရည်တမြားမြားကျခဲ့ရပြီး အဲဒီအရာတွေကို စွန့်ပြီး မြို့ပြကလာခဲ့တဲ့ နန်းအောင်ထွေးကြည်ရဲ့ စွန့်လွတ်မှု့ကမှ အင်မတန်ကြီးကျယ် မြင့်မြတ်တာမို့ အလေးပြုလိုက်ရပါတယ်ဆိုတဲ့အကြောင်း အဖြူအမဲ ကွဲပြားသွားအောင် နိုင်းယှဉ်ခွဲခြား ပြခဲ့တဲ့ ကိုမောင်မောင်(ရွေကရိတ်)လို လူမျိုးကိုတော့ သနားလွန်းလို့ “ကျွတ်ကျွတ်ကျွတ်”လို့ စုတ်တောင် သပ်လိုက်မိတယ်။ မြို့ပြက ပညာတတ်ကြီးရဲ့ မှတ်သားစရာ ဖီလိုဆိုဖီတခု အဖြစ်လေ။

အညိုရောင် အနက်ရောင်နယ်မြေတွေမှာ ကျွဲနှစ်ကောင်ခတ်တဲ့ကြား မြေဇာပင်ဘဝနဲ့ အဲဒီလို ဆင်းရဲ ငတ်ပြတ် စုတ်ပြတ်နေတဲ့ ကြားက  ကုန်းရုန်းလယ်လုပ်ပြီး သူတို့ရဲ့သားတွေကို စက်မှု့တက္ကသိုလ် ပဉ္စမနှစ်ရောက်အောင်ပို့ခဲ့ကြတဲ့ (ကျဆုံးသွားခဲ့ကြတဲ့) ကိုဝင်းဖေ (နမ္မား၊ ရှေ့တန်းမှာကျဆုံး) ၊ ကိုမျိုးဝင်း (နမ္မား၊ရှေ့တန်းမှာကျဆုံး) တို့လို တဲစုတ်ကလေးမှာနေတဲ့ လယ်သမား ယာသမား မိဘတွေအတွက်တော့ သူတို့ရဲ့ သားတွေကို ဆုံးရှုံးခဲ့ရသည့်တိုင် ဒါက ဘာမှကြီးကြီးမားမား စွန့်လွတ်လိုက်ရတာမျိုး မဟုတ်ဘူးပေါ့လေ။ အမှန်ပြောရရင် ဒီစာအုပ် မဖတ်ခင်အထိ ဒီလောက်အဆင့်လို့ ထင်မထားမိခဲ့ဘူး။

ပြီးတော့ မေးခွန်းထုတ်လိုက်သေးတယ်။ အဲဒီလို အဆင့်အတန်းမျိုးနဲ့ နေထိုင်ခဲ့တဲ့ နန်းအောင်ထွေးကြည်ဟာ ဘယ်လိုလုပ် ထောက်လှန်းရေး ဖြစ်နိုင်ပါ့မလဲတဲ့။ ဒီစကားအရဆို ပိုက်ဆံမရှိ ဆင်းရဲတဲ့သူတွေသာ ထောက်လှန်းရေး လုပ်ကြတယ် ဆိုတဲ့သဘော။ ဒီစကားအတိုင်းဆို နန်းအောင်ထွေးကြည်အဖေ ထောက်လှန်းရေး စလုပ်တဲ့အချိန်တုန်းက ဒီလိုမျိုးချမ်းသာကြွယ်ဝ မှု့မျိုး မရှိသေးလို့ပဲ ထောက်လှမ်းရေး လုပ်ခဲ့ရသလို ဖြစ်နေတယ်။ အဲဒီလို ဆိုလိုချင်တာလား။

နောက်ထပ် ထင်မြင်ယူဆချက်တခုကိုလည်း တွေ့ရသေးတယ်။ ကချင်ဒေသမှာ လှုပ်ရှားခွင့်မရှိ တဲ့လူမျိုးတမျိုးက ကျောင်းသားတပ်ထဲမှာ နေရာအာဏာရအောင်ယူနိုင်ဖို့ ကိုထွန်းအောင်ကျော်တို့လို မြို့က နိုင်ငံရေးသိနားလည်တဲ့သူတွေကို ရှင်းပစ်တာမျိုးလည်း ဖြစ်နိုင်တယ်တဲ့။

ဘာကြောင့်လည်းဆိုတော့ ကိုမျိုးဝင်း၊ ကိုသံချောင်းတို့က ရှမ်းနီလူမျိုးတွေ ဖြစ်နေလို့လေ။ အဲဒီထင်မြင်ယူဆချက်အတိုင်းသာဆိုရင် ကေအိုင်အေက ဉက္ကဌကိုထွန်းအောင်ကျော်၊ ကိုချိုကြီး တို့ကို ကယ်ထုတ်ပြီး ကိုမျိုးဝင်း ၊ကိုသံချောင်းတို့လို ရှမ်းနီတွေကိုသာ တနည်းနည်းနဲ့ ရှင်းထုတ် ပစ်မှာပေါ့။ ကျမတို့ မမွေးခင်ကတည်းက တော်လှန်ရေးလုပ်လာတဲ့ အဖွဲ့အစည်းကြီး တခုက လူတွေကို ငါတို့လောက်တောင် သိမှာမဟုတ်တဲ့ ငတုံးငအတွေလို့များ ကိုမောင်မောင် (ရွေကရဝိတ်) ထင်မြင်ယူဆနေသလားမသိ။ ဒါမှမဟုတ်----။

ကျောင်းသားရဲဘော်တွေက ကေအိုင်အေက လူကြီးတွေဆို တုန်နေအောင် ကြောက်ရတယ်ဆိုတဲ့ သဘောလည်းပါရဲ့၊ မဟာမိတ်မို့ ဝင်စွပ်ခွင့်မရှိဘူးဆိုတာလည်းပါရဲ့။ ဝင်စွပ်ခွင့် အမှန် တကယ်မရှိရင် နန်းအောင်ထွေးကြည်နဲ့ကိုညီညီဆမားက ဘယ်လိုအကြောင်း ကြောင့် ကေအိုင်အေအဖွဲ့ထဲ ရောက်သွားခဲ့ရတာလဲ။ ငါတို့ တော်လှန်ရေးသက်တမ်း ဒီလောက် အကြာကြီးမှာတောင် ဒီလောက် များတဲ့ထောက်လှန်းရေးမျိုး မကြုံဖူးဘူးဆိုတဲ့ ဖြတ်သန်းမှု့ အတွေ့အကြုံ အသိတွေရှိပါလျက် ဘာအကြောင်းကြောင့် နှစ်ချောင်းတည်းသောအသက်ကိုမှ ရွေးကယ်ခဲ့ရတာလဲ။

နန်းအောင်ထွေးကြည်အမေက ဗိုလ်ချုပ်ဇော်မိုင်မိန်းမနဲ့ အမျိုးတော်လို့ ထားပါတော့ (ဒါ တောင် ဒီကိစ္စတွေပေါ်လာမှ အမျိုးဆိုပြီးသတင်းထွက်လာတာ အရင်က ဘယ်သူမှတောင် ကြားဖူးခဲ့ကြတာ မဟုတ်ပါဘူး။) အခုမှ အသစ်ရောက်စ ယူဂျီအုပ်စုထဲက ကေအိုင်အေ အတွက်ယူဂျီလုပ်ပေးခဲ့တဲ့ ယူဂျီတာဝန်ခံ ကိုချိုကြီးကိုကျ မခေါ်ထုတ်ပဲ အဖမ်းခံခဲ့ရတဲ့ ညတွင်းချင်းမှာပဲ ဘယ်လိုလုပ်သိနေလို့ ဘာအကြောင်းကြောင့် ကိုညီညီဆမား(ယူဂျီ) တယောက်တည်းကိုမှ ရွေးခေါ်ထုတ်သွားပြီး ကေအိုင်အေရဲ့ဧည့်ခန်းဆောင်မှာ ထားခဲ့ရတာလဲ။ ပြီးတော့ ကျောင်းသားတပ်က ပြန်ဖမ်းခဲ့တယ်။ ရိုက်နှက်စစ်ဆေးမေးမြန်းနေစရာ မလိုပဲ ထွက်ဆိုချက်တွေပေးခဲ့တယ်။  ပြီးတော့ ကေအိုင်အေက ပြန်ခေါ်ထုတ် သွားခဲ့တယ်။ တမျိုးတော့ တမျိုးကြီး ဖြစ်နေပါတယ်။

(၁၀)

  • Nweni Tun တကယ်တန်း ခံခဲ့ကြရတဲ့သူတွေက ကိုညီညီဆမားလည်း မဟုတ်ဘူး၊ နန်းအောင်ထွေးကြည်လည်း မဟုတ်ဘူး။ သူတို့ ပြန်လက်ညိုးထိုးပြနေကြတဲ့ နှိပ်စက်ညှင်းပမ်း အသတ်ခံလိုက်ရတဲ့ သူတွေသာ ဖြစ်တယ်။ အဲဒီလူတွေအတွက် အမှန်တရားကိုပဲ ကျမလိုချင်တယ်။
  • Hmone Shwe Yiငါ.ညီခံရလို.ငါရေးတာအသားအနာမခံနိုင်လို.ထွက်ဆိုခဲ.ရတာပါ-မှန်ရင်ကိုညီညီဆမားရခဲ.ပါတယ်ဆိုတဲ.ဒဏ်ရာဒဏ်ချက်တွေအနာရွတ်လေးတွေအများကြည်.နိုင်အောင်သက်သေပြကြည်.လေ-တကယ်တန်းခံခဲ.ကြရတဲ.သူတွေကကိုညီညီဆမာလဲမဟုတ်ဘူးနန်းအောင်ထွေးကြည်လဲမဟုတ်ဘူးသူတို.ပြန်လက်ညီုးထိုးပြခဲကြလို..နှိပ်ဆက်ညှင်ပမ်းအသတ်ခံလိုက်ရတဲ.သူတွေသာဖြစ်တယ်-အဲဒီလူတွေအတွက်အမှန်တရားကိုဘဲကျမလိုချင်တယ်-

နန်းအောင်ထွေးကြည်ရဲ့ နာမည်ကျော်ရေလှိုင်းစစ်ဆင်ရေး (သို့မဟုတ်) မေးခွန်းထုတ်စရာများ (၈)



by Tamar Khin on Friday, February 1, 2013 at 4:50pm ·
အဖမ်းခံခဲ့ရတဲ့ (၅၆)ယောက် ထွက်ပြေးလွတ်မြောက်သွားချိန်က တာဝန်ကျခဲ့တဲ့ ရဲဘော်လှမျိုး အောင်နဲ့ ရဲဘော်အောင်နိုင်တို့ကို တာဝန်ပေါ့လျော့မှု့နဲ့ သေဒဏ်ပေးခဲ့ကြတယ်။ “မသေခင် ဘာလုပ်သွားချင်တဲ့ ဆန္ဒရှိသလဲ ပြောပါ”ဆိုတော့ “အရက်တဝကြီး သောက်သွားချင်တယ်” တဲ့။ သြော် ရဲဘော်တွေ အရက်ကြိုက်တတ်ပုံများ ပြောပါတယ်။ အရက်ကောင်းကောင်းလေး တွေ အရက်ထည့်တဲ့ ဗူးလှလှလေးတွေမြင်တိုင်း အရက်ကြမ်းတွေကိုသာ နှစ်နှစ်ခြိုက်ခြိုက် သောက်ခဲ့ရတဲ့ ဒီရဲဘော်တွေကိုသာ ပြေးပြီးမြင်ယောင်နေမိတော့တယ်။

အလံတိုင်ကုန်းရှေ့က စစ်ရေးပြကွင်းမှာ ကိုယ့်ကို မြုပ်မဲ့ကြွင်းကို ကိုယ်ကိုယ်တိုင်တူးလိုက်ကြ မောသွားရင် တွင်းနုတ်ခမ်းလေးပေါ် တက်ထိုင်ရင်း လေညင်းရဲ့အရသာလေးခံလိုက်၊ အရက် လေးသောက်လိုက်၊ ဆေးပေါ့လိပ်လေးဖွာလိုက်၊ တောင်ကုန်းတောင်တန်း တွေကို ငေးမော ကြည့်လိုက်နဲ့။ ကဗျာတွေ စာတွေဖွဲ့ဖို့ စိတ်ကူးတွေယဉ်နေကြတာ မဟုတ်တာတော့ သေချာပါတယ်။ လက်ဝဲသုန္ဒရ အမတ်ကြီးလို မျက်ဖြေလင်္ကာရေးဖို့ဆိုတာမျိုးလည်း သတိယကြမယ် မထင်ပါဘူး။

ဘဝရဲ့နောက်ဆုံးနေ့ရက် ဒီရဲဘော်တွေ ရင်ထဲမှာ ဘယ်လိုအတွေးမျိုးတွေများ ရှိနေခဲ့မှာပါလိမ့်။ သားဆိုးသားမိုက်တွေရဲ့ ထုံးစံအတိုင်း “ ခလုတ်ထိမှ အမိတ” ဆိုသလို မပြန်နိုင်တော့တဲ့ နွေးထွေးအေးမြတဲ့ “အမေနဲ့အမေ့အိမ်လေး”ပဲ ဖြစ်မယ် ထင်ပါတယ်။

သေမင်းကိုတောင် ထီမထင်တဲ့ပုံနဲ့ အဲဒါ အညိုရောင်နယ်မြေမှာ ကြီးပြင်းလာကြတဲ့ ဒေသခံ ကျောင်းသားရဲဘော်တွေပဲလေ ။  ကျောင်းလစ်လို့ မိဘကို တိုင်စာအပို့ခံရမဲ့ ကျောင်းသားအရွယ်မှာ တာဝန်ပေါ့လျော့မှု့နဲ့  မိဘကွယ်ရာမှာ အပေးခံခဲ့ရတဲ့ အပြစ်ဒဏ် က “သေဒဏ်” တဲ့။

“သုံ့ပန်းဆို ပြန်လွတ် သူလျိုဆို အကုန်သတ်”တဲ့။ ဒီနိုင်ငံတကာစစ်ဉပဒေဆိုတာကြီးတွေ လူ့အဖွဲ့အစည်းအတွင်း  ဘယ်သူတွေက များ စတင်ရေးဆွဲ အသက်သွင်းခဲ့ကြတာပါလိမ့်။ လူ့အခွင့်အရေးတို့ ဒီမိုကရေစီတို့ကို သဘောပေါက်နားမလည်ခဲ့ရင်သာရှိမယ် ဒီစစ်နဲ့ ပတ်သက်တာတွေကိုတော့ ဒီမျိုးဆက်တွေ အလိုလိုသိနေ လက်ခံကျင့်သုံးတတ်နေအောင် ဘယ်သူတွေကများ ရှေ့ဆောင် လမ်းပြ လုပ်ခဲ့ကြတာပါလိမ့်။

ကျည်ဆံဖိုး လက်နက်ဖိုးထက် အကြောင်းအမျိုးမျိုး နည်းလမ်းအသွယ်သွယ် ပြုသူနဲ့ခံရသူများ လူ့အသက်ပေါင်းများစွာရဲ့ တန်ဖိုး တွေ ကြိမ်ဖန်များစွာ ချနင်းခြေပြီး ဖြစ်နေခဲ့တဲ့ ပြည်တွင်းစစ် ။ ဘယ်စစ်မှ မကောင်းဘူးဆိုတာ သိနေပြီးသားမို့ ဒီစနစ်ဆိုးကြီး အောက်မှာ ဒါမျိုးတွေဖြစ်တာ ရဲဘော်တို့လို အညိုရောင် အနက်ရောင်နယ်မြေက လူတွေအဖို့ ဘာမှမထူးဆန်းတော့ပါဘူး ဆိုတဲ့ သဘောများလား ရဲဘော်။

ရဲဘော်တွေ လွတ်မြောက်သွားကြတာကို ဝမ်းသာပါတယ်။ ဒါပေမဲ့ ကျောင်းသားဂိတ်တွေ၊ ကေအိုင်အေဂိတ်တွေ၊ ဝှက်ကင်းတွေ၊ လှည့်ကင်းတွေ၊ စကားဝှက်တွေနဲ့ ညမှာယောင်လို့ တောင် ထမသွားရဲတဲ့ ဗဟိုဌာနချုပ်နယ်မြေ။ လက်ထိပ်တွေ သံခြေချင်းတွေ တချွင်ချွင်နဲ့ လူပေါင်း(၅၆)ယောက်လောက် ဖြတ်သွားတာ ဘယ်သူမှတောင် မသိလိုက်ဘူးဆိုတာတော့ နည်းနည်း ထူးဆန်းနေ တယ် မထင်ကြဘူးလား။ အဲဒီလူတွေဟာ ထွက်ပြေးတဲ့ကျောင်းသားတွေ မဟုတ်ပဲ နအဖစစ်ကြောင်းကြီး ဝင်လာတာဆိုရင်ကော ဘယ်သူမှ မသိလိုက်ဘူး ဖြစ်နိုင်ပါ့ မလား။ စဉ်းစားစရာတခုပါ။

အဲဒီအသံတွေကို ဗိုလ်မှူးပန်းအောင်ရဲ့ အရံရဲဘော်က ကြားခဲ့ပါတယ်။ ဗိုလ်မှူးပန်းအောင်ကို ပြောတော့ အသာနေဆိုပြီး လက်ကလေး ကာပြလိုက်ပါသတဲ့။ “ထွက်ပြေးတဲ့ မင်းတို့လူတွေ ပြန်မိပြီ”ဆိုပြီး လိုက်ဖမ်းတဲ့ ရဲဘော်တွေကို ပြန်ဖမ်းပြီး တရုတ်ရဲ က ဗဟိုအရောက် ကားနဲ့ ပြန်ပို့ ပေးလိုက်တယ်။ မျက်လှည့် ပြလိုက်သလိုပဲ။

မြေကြီးပေါ်မှာလည်း အိပ်ခဲ့ကြတယ် ၊ ထောင်ထဲမှာလည်း အိပ်ရနိုင်တယ်လို့ မျှော်လင့်ခဲ့ကြဖူး သလို အခန့်မသင့်ရင် တောထဲမှာ သေနိုင်ကြသေးတယ်ဆိုတာလည်း သိသိချည်းနဲ့ ကျမတို့ အားလုံး လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်လုပ်ခဲ့ကြတယ် မဟုတ်လား။

အတွေ့အကြုံနုနယ်ပြီး တိုက်ချင်ခိုက်ချင်နေတဲ့ကျောင်းသားလူငယ်တွေကြား လက်တွဲတိုက်ပွဲ ဝင်ခဲ့ကြသူ အချင်းချင်း ယုံထင် ကြောင်ထင်ဖြစ်သွားလောက်အောင်  ချပေးလိုက်တဲ့အရာက အာဏာမဟုတ်ပါဘူး၊

စစ်ထောက်လှန်ရေးတွေ အမြဲတမ်းအသုံးပြုနေကြ အပြန်အလှန် ယုံကြည်မှု့ကို အချိန်မရွေး ဖြိုခွဲဖျက်စီးပစ်နိုင်စွမ်းရှိတဲ့ သံသယမီးပွားလေးတစ (သို့မဟုတ်) သူတို့လူကို (သို့မဟုတ်) သူတို့”တည်ကြက်”အဖြစ်ထားထားတဲ့သူကိုမှ ကံဆိုးမိုးမှောင်ကျစွာ ဖမ်းမိခဲ့ကြရင်တောင်  ဒီလိုပြန်လုပ်လိုက်တာနဲ့ လူသဘာဝရဲ့ ယျေဘူယျ တုန့်ပြန်တတ်မှု့အရ ဒီလိုတွေ ဖြစ်လာမယ် ဆိုတာ သေချာ ပေါက်တွက်ချက်ပြီး ဒါကို ဘယ်လိုထိဖြစ်သွားအောင် လုပ်ယူပြီး ရုန်းထွက်လို့ရ တယ်ဆိုတဲ့ ဆိုက်ကိုနည်းတခုကို လက်တွေ့ စမ်းသပ် အသုံးပြုကြည့်လိုက်တဲ့သဘောပါ။

ဒါပေမဲ့သိပ်ကြောက်စရာ ကောင်းတယ်။ သံသယမျက်လုံးနဲ့ကြည့်ရင် လူတိုင်းလူတိုင်းမှာ သံသယဖြစ်စရာ တခုမဟုတ် တခုတော့ ရှာတွေ့နိုင်တာပဲလေ။ အိပ်မက်ထဲတောင် ထည့်မမက်ခဲ့တဲ့ အလုပ်တွေကိုလုပ်ဖို့ တောထဲရောက်လာကြတာကိုက တခုမဟုတ် တခု မှာ ကိုယ်စီကိုယ်စီ ထူးခြားမှု့တွေ ရှိနေကြလို့ပဲ မဟုတ်လား။

ကျမကို ခင်နေတဲ့ရဲမေအငယ်တွေကို အဲဒီအချိန်တုန်းက မေးကြည့်ဖူးတယ်။”မင်းတို့ရော ငါ့ကို သံသယ မဖြစ်ဖူးလား”ဆိုတော့ ဒေါ်လှိုင်နေပုံထိုင်ပုံ ပြောဆိုပုံက တခြားမိန်းကလေးတွေနဲ့ မတူတော့ သံသယတော့ ဖြစ်မိတယ်။ ဒါပေမဲ့ ကျမတို့က ခင်နေလို့လား မသိဘူး၊ အဲဒီလို သဘောထားလို့ မရဘူးဖြစ်နေတယ်”တဲ့လေ။

ရန်သူ့ထောက်လှန်းရေးအဖြစ် ဖမ်းထားပြီးတာတောင် အဲဒီလိုသဘောထားလို့မရလို့ တဉီးနဲ့ တဉီး သံယောဇဉ်မပျက် အခင်အမင် မပျက် ရှိနေခဲ့ကြတဲ့ ရဲဘော်ရဲမေတွေလည်း အဲဒီအချိန်က အများကြီးရှိခဲ့ကြသလို အခုထိလည်း ရှိနေဆဲပဲလေ။

မှတ်မိနေပါသေးတယ် အဲဒီတုန်းက ကျမတို့အားလုံးဖြစ်နေကြတဲ့ အခြေအနေ။ တဘုတ်ဘုတ်ခြေသံကြားတိုင်း အဆောင်အတွင်း အိပ်ယာတွေပေါ်မှာ ကိုယ်စီကိုယ်စီ လူးလွန့် သွားကြရင်း ခေါင်းမြီးခြုံထားကြတဲ့ စောင်လေးတွေ ပြိုင်တူဖွင့် ကြည့်ကြပြီး  ငါ့ကို လား။ ငါ့ဘေးကုတင်က လူကိုလား ဖြစ်နေခဲ့ရတဲ့ဘဝတွေ။

အတူလက်တွဲလုပ်လာခဲ့ကြပေမဲ့ ကိုယ့်ကိုသူကမယုံ သူ့ကိုကိုယ်ကမယုံ။ တိုက်ဖော်တိုက်ဖက် သေဖော်သေဖက်ချင်း ဖြစ်ကြရဲ့နဲ့ ဘာကိုမှ ယုံယုံကြည်ကြည် ဖွင့်ဟမပြောရဲကြတော့တဲ့ထိ သုဿန်တစပြင်အလား တိတိဆိတ်ငြိမ်သက်သွားခဲ့ကြတဲ့အဖြစ်တွေ။
တယောက်နဲ့ တယောက် ဆက်ဆံကြတာတောင် ရဲဖော်ရဲဖက်ဆိုတဲ့ သံယောဇဉ်တွေကြားက ကြေကွဲမှု့နဲ့ သံသယ ရောယှက်နေတဲ့ မျက်ဝန်းတွေကိုယ်စီနဲ့ ။

လူမှားထဲကို လူမှန်များများ ရောထည့်မွေလိုက်တယ်။  ဖြည့်ထည့်လိုက်တဲ့လူမှန်များကို အကာအကွယ်ပြန်လုပ်ပြီး အားလုံးအမှန် ပါဆိုတဲ့ ဖော်မြူလာပုံသေနည်းကို ပြန်လည်ထုတ်ယူ လိုက်ခြင်းမျိုး။

ဒါပေမဲ့  အမြဲတမ်းမှန်ကန်နေမဲ့  နိယာမတခုကလည်း အသင့်ရှိနေပါတယ်။ ဘယ်သူမှ ဘာမှ မဟုတ်ခဲ့ကြလို့ ဘာမှကို မလုပ်ခဲ့ကြ တာ တကယ်မှန်ရင် ဘာတွေမှလည်း  ဖြစ်ခဲ့ကြ ပျက်ခဲ့ကြ ဆုံးရှုံးနစ်နာခဲ့ကြရလိမ့်မည် မဟုတ်ပါတဲ့။

ဘာပဲဖြစ်ဖြစ် ထောက်လှမ်းရေးဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ။ ကိုမျိုးဝင်းကပဲ နန်းအောင်ထွေးကြည် စွပ်စွဲတဲ့အတိုင်း အညိုးနဲ့လုပ်ခဲ့လေသလား။ နန်းအောင်ထွေးကြည်ကပဲ သူတော့သေချာပေါက်ပါနိုင်တယ်ဆိုတာ တွက်မိပြီး ငါ့ကိုဖမ်းခဲ့ရင်တော့ ဒီလိုလုပ်ပစ်လိုက်မယ် ဆိုတဲ့ ကျောင်းသားတပ်နဲ့ ကျောင်းသား ရဲဘော်တွေအပေါ် အညိုးနဲ့လုပ်ခဲ့လေသလား (သို့မဟုတ်) ထောက်လှမ်းရေးမှူး တယောက်ရဲ့ သမီးကို တောထဲရောက်အောင်ပို့ထားပြီး သံသယဖြစ်စရာ အခြေအနေမျိုးတွေကို တမင် ဖန်တီးယူ ထောင်ချောက်ဆင် ရုန်းထွက်ဖို့ကလည်း လမ်းကအသင့်ဖြစ်ခဲ့လေသလားတော့ မသိ။

သိခဲ့တာကတော့ နန်းအောင်ထွေးကြည် လုပ်ခဲ့ပါတယ်ဆိုတဲ့ “ရေလှိုင်းစစ်ဆင်ရေး “ ။ သူပေးခဲ့တဲ့“ရေလှိုင်းစစ်ဆင်ရေး”ဆိုတဲ့ နာမည်နဲ့အညီကို  ဉက္ကဌ အပါအဝင် လူပေါင်း အယောက်(၁၀ဝ)နီးပါးလောက် ရေလှိုင်းအသွင်ကို အလုံးအရင်းနဲ့ ထောက်လှမ်းရေး ဖြစ်သွားခဲ့ကြရတဲ့အထိ မြောက်ပိုင်းဗဟိုကော်မတီတခုလုံးကို လှည့်စားနိုင်ပြီး သူပြောခဲ့သလို “အနုနည်းနဲ့ပဲ ဆွဲဆောင် ဖြိုခွဲ”သွားနိုင်ခဲ့တဲ့အတွက် အောင်မြင်ပါတယ်။

သူက လူတွေကို အသုံးချနေတာလား။ လူတွေက သူ့ကိုအသုံးချနေတာလား။

ယူဂျီလိုင်းကို ရန်သူသတင်းပေးတွေ ဝင်စီးခံခဲ့ရတဲ့အတွက် မြို့ပေါ်က အမာခံယူဂျီကောင်းတွေ အားလုံးနီးပါး နှစ်ရှည်ထောင်ဒဏ်တွေ ကျခဲ့ကြတယ်။  တောထဲမောင်းထုတ်ခံခဲ့ရတဲ့ ကိုချိုကြီး၊ ကိုအောင်မင်းတို့လို ယူဂျီတချို့ ဘာမှမလုပ်ရသေးခင် ထောက်လှမ်း ရေးတွေအဖြစ် အချိန်ကိုက် အသတ်ခံလိုက်ရတယ်။ ရန်သူဆို တိုက်ရဲခိုက်ရဲသတ်ရဲပြီး သေလည်းသေရဲတဲ့ တိုတောင်းတဲ့ ကာလ လေးတခုအတွင်းမှာ အထက်အောက်အမိန့်နာခံတတ်မှု့တွေနဲ့ အင်နဲ့အားနဲ့ စနစ်တ ကျ ဖွဲ့စည်းနိုင်ခဲ့တဲ့ မြောက်ပိုင်းကျောင်းသား တပ်အင်အား ဖြိုခွဲခံလိုက်ရတယ်။  တောနဲ့မြို့ပြ ဆက်သွယ်တဲ့ လမ်းကြောင်း အဖြတ်ခံလိုက်ရတယ်။

စစ်အစိုးရကတော့ အမြတ်တွေ အများကြီးရလိုက်တဲ့အပြင် အခုဆို  အတွင်းအပြင် ကွန်ယက်ကြီးတခုသဖွယ် အချိန်အခါအသင့်  အေဘီဆန့်ကျင်ရေးအဖွဲ့တခုကိုလည်း မြောက်ပိုင်းလူသတ်မှု့ကို ခေါင်းတည်ထားရင်းက အမှန်တရားအတွက်ပဲ လုပ်နေကြသလို ဘာလိုလိုနဲ့ စာနာသနားတတ်တဲ့ လူတွေရဲ့ သဘောသဘာဝကို အရယူပြီး မသိလိုက် မသိဘာသာနဲ့ပဲ အဆင်သင့် မွေးထုတ်ပေး နိုင်ခဲ့ပါပြီ။

တကယ်ပဲ အမှန်တရားအတွက်လား ။ ( အမှန်တရားအတွက်ပဲ သေချာရင် ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမှန်တကယ်လုပ်ခဲ့တာဝန်ရှိခဲ့ တဲ့ ကိုသန်းဇော်၊ ဇော်ဇော်မင်း၊ အောင်စိုးမြင့်တို့နဲ့ အတူ သတင်းစာရှင်းလင်းပွဲလေးတခု ကြိုးစားကြည့်ပေးပါ့လား။ )

ဒါမှမဟုတ် အမှန်တရားဘန်းပြပြီး ထိုးကျွေးခဲ့တဲ့ ရဲဘော်ထွန်းအောင်ကျော် အပါအဝင် အသတ်ခံခဲ့ရတဲ့ လူမှန်ရဲဘော်တွေကို ပြန်ချနင်းပြီး အဖွဲ့အစည်းသွားနေတဲ့ လမ်းကြောင်း တလျှောက် အခွင့်ရရင်ရသလို ဒီကိစ္စကြီးတကိုင်ကိုင်လုပ်ပြီး ခြုံခိုတိုက်ခိုက်ကြည့်လိုက် နည်းလမ်းအသစ်ရှာလိုက် လုပ်နေကြတော့မှာလား။ ဘယ်အထိလှမ်းကြမလဲ။

ကိုညီညီ ဆမားက တဖွဲ့လုံးနဲ့ ရှိသမျှလူအားလုံးကို သိမ်းကြုံးဆော်လိုက် နန်းအောင်ထွေးကြည်က အဲဒီလိုမဟုတ်ဘူး လုပ်တဲ့သူပဲ ပြောလိုက်နဲ့ ဘယ်သူက ဘယ်လို လူမျိုးပါဆိုတာ လေ့လာအကဲခတ်နေသူတွေအနေနဲ့ ပေါ်လွင်ထင်ရှားစွာ ရူ့မြင်နိုင်ကြစေရန် အလို့ဌာ အမာအပျော့ အပေးအယူ အချိတ်အဆက်မိမိနဲ့ ကေအိုင်အေရဲ့အထူးကယ်တင်ခြင်း ခံခဲ့ရသူနှစ်ဉီး ကေအိုင်အေရဲ့ကောင်း ပုံလေးတွေကို စမြုပ်ပြန်ပြရင်း နှစ်ယောက်သားတွဲပြီး ကစားနေကြပုံလေးကလည်း စိတ်ဝင်စားစရာပါ။ ကျမတို့ကို စစ်အစိုးရလိုပဲ ကလေးသာသာ သားသမီးအရွယ်လေးတွေလို့  သဘောထားတဲ့  ကိုမောင်မောင်ကတော့ လူကြီးပီပီ တချက် တချက်မှ ဝင်ထောက် ပေးတတ်တယ်။

နန်းအောင်ထွေးကြည်ကို မဖမ်းဖို့   ယူဂျီအနေနဲ့ မြို့ကနေ ရာဇဒဏ်ပေးခဲ့တယ်ဆိုတဲ့ ကိုညီညီဆမားကလည်း တောထဲမှာ ကိုယ့်ရှေ့ မှာပဲ နန်းအောင်ထွေးကြည်ကို ဖမ်းခဲ့တဲ့အချိန် တုန်းက ဘာသံမှမထွက်ပဲ ဘာကြောင့်များ လက်ပိုက် ကြည့်နေခဲ့ပါလိမ့်။

ကျောင်းသားတပ်မှာ ရန်သူ့သူလျှိုအဖြစ် ဖမ်းထားတဲ့သူကိုမှ ကေအိုင်အေအရာရှိတယောက် နဲ့ နန်းအောင်ထွေးကြည်တို့ အားတဲ့ အချိန် အပျင်းပြေ အင်္ဂလိပ်စာသင်ဖို့အတွက်  ကိုညီညီဆမားကို ကေအိုင်အေက တောင်းယူခဲ့တာလို့ နန်းအောင်ထွေးကြည် ရေးထားတဲ့ ဇာတ်လမ်းလေးကိုလည်း ဖတ်လိုက်ရပါတယ်။ အင်မတန်ကို အကျိုးအကြောင်း ဆီလျော်တဲ့ အကြောင်းပြချက်လေး ပါပဲ။ ကြည့်ရတာ ကေအိုင်အေမှာ ကိုညီညီဆမားလောက် အင်္ဂလိပ်စာ တတ်တဲ့သူ မရှိလို့ပဲ ဖြစ်ရမယ်။ ဒါမှမဟုတ် အင်္ဂလိပ်စာ သင်ဖို့ အရေးတကြီး လိုအပ်ခဲ့ပုံရတယ်။

စောင့်ကြည့်နေပါတယ်။ ကျမလည်း ကျမသမိုင်းကို ကျမရေးနေသလို ရဲဘော်တို့လည်း ကိုယ့်သမိုင်းကို ကိုယ်ရေးနေကြတယ် ဆိုတာကိုတော့ သတိမလှစ်ကြဖို့တော့ လိုပါတယ်။

ကျမတို့ရဲ့ နိုင်ငံရေးဖိုးအေကြီးတွေတောင် ဖြူ ၊ နီ၊ ဝါ၊ ပြာ အရောင်စုံသွားသေးတာပဲ။ ဆင်းရဲဒုက္ခခံခဲ့ကြသမျှ စွန့်လွတ်ပေးဆပ်ခဲ့ သမျှ  အသက်တွေအများကြီးရင်း သွားခဲ့ကြသမျှ  တိုင်းပြည်နဲ့ပြည်သူ မကောင်းစားရပဲ  အရင်လုပ်ရမှာနဲ့ နောက်လုပ်ရမှာ အဓိကနဲ့သာမည မခွဲခြားတတ်သ၍  ဘဝတူအချင်းချင်း မညီညွတ်သ၍ အုပ်ချုပ်သူ လူတန်းစားတွေရဲ့ မရိုးနိုင်တဲ့လက်စွဲနည်း တွေကို သိသိကြီးနဲ့ အိမ်ကြက်ချင်း ခွပ်ကောင်းနေကြသ၍ ဖွင့်ဟခွင့်ရလာတဲ့ အခွင့်အရေးကို ဖိနှိပ်သူကို သံပြိုင် ဝိုင်းအော်ဖို့ အသုံးပြုကြရမဲ့အချိန်မှာ မလိုတမာစိတ်တွေ ၊ ကိုယ်ခံရတာပဲ ကိုယ်သိတော့တဲ့စိတ်တွေနဲ့ ဖိနှိပ်ခံရသူ တိုက်ဖော် တိုက်ဖက် အချင်း ချင်း အပြန်အလှန်အော်လို့ကောင်းနေကြသ၍ ကိုယ့်ကိုယ်ကို ရွာသူကြီး အဆင့်လောက်နဲ့ လူမိုက်အဌားခံ အရှုပ်ထုပ်တွေနဲ့ အလုပ်ရှူပ် အချိန်ကုန်နေအောင် အသုံးချခံနေရလို့ ခံနေရမှန်းမသိကြသ၍ စစ်အစိုးရကောင်းစားဖို့ချည်း  ဖြစ်သွားခဲ့ရတာ သံဝေဂရ စရာပါ။

ခွင့်လွတ်ပါ နစ်နာခဲ့ကြရတဲ့ ရဲဘော်အပေါင်းတို့။ ပြည်သူဆိုတာ ကျမတို့ကျောင်းသား အားလုံးရဲ့ မိဘတွေပါ။ ကျမတို့ကျောင်းသားအားလုံးရဲ့ မိဘတွေဖြစ်တဲ့ ပြည်သူတွေနဲ့ ကျမတို့မျိုးဆက်တွေအတွက်  ကျမတို့ကျောင်းသားအားလုံး လိုလားတောင့်တခဲ့ကြတဲ့အရာကို မရသေးမချင်း ဘယ်သူ့အတွက်မှ ကျမ အမျှမဝေနိုင်သေးပါ။

ဒီစနစ်ဆိုးကြီးအောက်မှာ ကျမတို့သိတာရော မသိတာတွေရော အများကြီးရှိခဲ့တဲ့ နစ်နာမှု့အပေါင်း သရဖူဆောင်းခံခဲ့ရတဲ့ မိဘပြည်သူတွေနဲ့ စစ်အစိုးရရဲ့အကျဉ်းထောင်တွင်း ထောင်ပြင်၊ တောထဲ ၊ နယ်စပ်မကျန် ကျဆုံးသွားခဲ့တဲ့ တော်လှန်သော အညတရရဲဘော်တွေ အားလုံး အားလုံး (တယောက်မကျန်)အတွက် အမျှမဝေနိုင်သေးသ၍-----။

“စစ်အစိုးရအခက် ပြည်သူ့အတွက်” ဆိုတဲ့ဆောင်ပုဒ်ကို ကိုင်ဆွဲ အတွင်းအပြင် အနုအကြမ်း စုဆုံညီညွတ်နေကြရမဲ့ ယခုလိုအချိန် ကာလမျိုးမှာ မှားသည်ဖြစ်စေမှန်သည်ဖြစ်စေ နစ်နာခဲ့ရသူ ရဲဘော်တွေ အားလုံးကို နှလုံးသားနဲ့ကိုယ်ချင်းစာနားလည် အသိအမှတ် ပြု နိုင်ပေမဲ့ စစ်အာဏာရှင်စနစ်ရှိနေသ၍ --------။

ဘယ်လိုပဲဖြစ်ဖြစ် “ရေလှိုင်းစစ်ဆင်ရေးဆိုတာလေ အဲဒါငါလုပ်ထားတာ ငါသံချောင်းကို ဝတ္ထုတပုဒ်ရေးပေးလိုက်တာ”ဆိုတဲ့ နန်းအောင်ထွေးကြည်အနေနဲ့ ကိုယ်ခံခဲ့ရတဲ့အကြောင်း တွေက ပြည့်စုံတာထက် ပိုနေပြီမို့ ကိုယ်လုပ်ခဲ့တာပါဆိုတဲ့ ကိုသံချောင်းကို ရေးပေးခဲ့ပါတယ် ဆိုတဲ့ “ရေလှိုင်းစစ်ဆင်ရေး” ဝတ္ထုဇာတ်လမ်းလေးကို ဒီကိစ္စကို လေ့လာစမ်းစစ်နေသူတွေ အားလုံး ပိုပြီး အမြင်ရှင်းသွားစေဖို့ ကိုယ်မှားခဲ့ရင်လည်း ကိုယ်ခံရဲတယ်ဆိုတဲ့ အမှန်တရားကို တကယ်လိုလားတဲ့သတ္တိမျိုးနဲ့ ပြန်လည်ရေးသား တင်ပြပေးနိုင်တယ်ဆိုရင် တင်ပြပေးစေ လိုပါတယ်။ (မေသင်္ကြန်ဟိန်းရေးထားတဲ့စာထဲမှာ ရေလှိုင်းစစ်ဆင်ရေးဆိုတာလေ ကျမ ဘယ်လိုတွေ ဘယ်လိုတွေ လုပ်ကြံရေးထားခဲ့တာဆိုတဲ့အကြောင်းလေးလည်း ပါမလာခဲ့လို့ပါ။)

ဒါမှမဟုတ် တာဝန်ရှိကြတဲ့လူတွေအနေနဲ့ အားလုံးမဟုတ်တောင် နန်းအောင်ထွေးကြည်ကို  စစ်ဆေးမေးမြန်းထားတဲ့ ထွက်ဆိုချက်ဖိုင်တခုကိုတော့ မဖြစ်မနေ ထုတ်ဖော်တင်ပြပေးဖို့ တောင်းဆိုချင်ပါတယ်။

သက်ဆိုင်သူများသို့

ရဲဘော်ကြီးဉီးလေးစိန်ရဲ့သမီး မစန်းစန်းအေးက သူ့အဖေဟာ “အပတ်စဉ်(၅)ဆန္ဒပြရာမှာ ပါဝင်ခဲ့ခြင်း၊ ဗဟိုကော်မတ ဖြစ်မြောက် ရေးအတွက် ဉီးဆောင်ခဲ့သူဟူသော စွပ်စွဲချက်များဖြင့် မတရားဖမ်းစီး နှိပ်စက်ခံရမှု့ကြောင့် သေဆုံးခဲ့ရသည်ဟု မြောက်ပိုင်းပြန်ရဲဘော်များမှသိရှိရသဖြင့် “လို့ သတင်းဆောင်းပါးတခုမှာ ပါရှိပါတယ်။ မစန်းစန်းအေးအနေနဲ့ အဲဒီလိုပြောပြခဲ့တဲ့  နာမည် အတိအကျ ကို ကျေးဇူးပြု၍ ဖော်ပြပေးစေလိုပါတယ်။ အဲဒီစကားအတွက် အဲဒီလို ပြောတဲ့သူ တာဝန်ယူဖို့လိုပါမယ်။ (ဒါလည်း နန်းအောင်ထွေးကြည် ရဲ့ လေသံပဲဆိုတာ သိနေပေမဲ့--။)

( ၉ )
  • Thiha Kyaw and 7 others like this.
  • Than Htut Swe ကျမတို့ရဲ့ နိုင်ငံရေးဖိုးအေကြီးတွေတောင် ဖြူ ၊ နီ၊ ဝါ၊ ပြာ အရောင်စုံသွားသေးတာပဲ။ ဆင်းရဲဒုက္ခခံခဲ့ကြသမျှ စွန့်လွတ်ပေးဆပ်ခဲ့ သမျှ အသက်တွေအများကြီးရင်း သွားခဲ့ကြသမျှ တိုင်းပြည်နဲ့ပြည်သူ မကောင်းစားရပဲ အရင်လုပ်ရမှာနဲ့ နောက်လုပ်ရမှာ အဓိကနဲ့သာမည မခွဲခြားတတ်သ၍ ဘဝတူအချင်းချင်း မညီညွတ်သ၍ အုပ်ချုပ်သူ လူတန်းစားတွေရဲ့ မရိုးနိုင်တဲ့လက်စွဲနည်း တွေကို သိသိကြီးနဲ့ အိမ်ကြက်ချင်း ခွပ်ကောင်းနေကြသ၍ ဖွင့်ဟခွင့်ရလာတဲ့ အခွင့်အရေးကို ဖိနှိပ်သူကို သံပြိုင် ဝိုင်းအော်ဖို့ အသုံးပြုကြရမဲ့အချိန်မှာ မလိုတမာစိတ်တွေ ၊ ကိုယ်ခံရတာပဲ ကိုယ်သိတော့တဲ့စိတ်တွေနဲ့ ဖိနှိပ်ခံရသူ တိုက်ဖော် တိုက်ဖက် အချင်း ချင်း အပြန်အလှန်အော်လို့ကောင်းနေကြသ၍ ကိုယ့်ကိုယ်ကို ရွာသူကြီး အဆင့်လောက်နဲ့ လူမိုက်အဌားခံ အရှုပ်ထုပ်တွေနဲ့ အလုပ်ရှူပ် အချိန်ကုန်နေအောင် အသုံးချခံနေရလို့ ခံနေရမှန်းမသိကြသ၍ စစ်အစိုးရကောင်းစားဖို့ချည်း ဖြစ်သွားခဲ့ရတာ သံဝေဂရ စရာပါ။

Friday, February 1, 2013

ABSDF ဥက္ကဌဟောင်း ဒေါက်တာနိုင်အောင်ရဲ့ တောင်ပိုင်းနှင့်မြောက်ပိုင်း ခရီး(၄)


by May Thingyan Hein on Friday, February 1, 2013 at 5:50am ·

အပိုင်း(၄)

အဲဒီတုန်းက နယ်စပ်မှာ ကျောင်းသားစခန်းလေးတွေချည်းပဲ ၁၉ ခုလောက်ရှိပါတယ်။ ကျနော် အမှတ်မမှားရင်တော့ အဲလိုပဲ ကျောင်းသား စခန်းတွေဆောက်ရင်း နေရင်းနဲ့ပဲ ၈၈ နိုဝင်ဘာလောက်မှာပဲ ပထမဆုံး ကျောင်းသားညီလာခံလုပ်ဖြစ်ပါတယ်။

 ဒါ တကယ်တမ်းပြောရရင်တော့ တိုင်းရင်းသားတွေရဲ့ အမြော်အမြင်ကြီးမားမှုပေါ့ အဲဒီတုန်းက တိုင်းရင်းသား တပ်ပေါင်းစု ဆိုတာ ရှိတယ်။ အဲဒီမှာ NDF( National Democratic Front) က ကမကထလုပ်ပြီးတယ်။ သူတို့က ဒီအတိုင်းနေလို့တော့ မဖြစ်ဘူး ကျောင်းသားတွေကိုတော့ဖြင့် စုစည်းပြီး စုံပေးလိုက်မှ ရမယ်ဆိုပြီး သူတို့ကစဉ်းစားတယ်။

ကျောင်းသားတွေကလည်း သူတို့ဟာ သူတို့အဖွဲ့အစည်း ဖွဲ့ချင်တာပေါ့လေ၊ ကျနော်တို့မှာလည်း  သပိတ်အရှိန်က မကုန်ဘူး။ သပိတ်အရှိန်က မကုန်ဘူးဆိုတာက အစိုးရ ၃ ဆက်ကို ဖြုတ်ချလာတာတို့ဘာတို့ပေါ့ဗျာ။

အဲဒီတုန်းက ကျနော်တို့ ကျောင်းသား အင်အားက ၂ သောင်းလောက်ရှိတယ်။ နှစ်သောင်းဆိုတာက တိုင်းရင်းသား အဖွဲ့ အင်အားထက်အများကြီး သာတယ်။ တကယ်တမ်းပြောရရင် ကိုယ့်အင်အားကလည်း မသေးလှတဲ့ ဟာမျိုးပေါ့။ နောက် ဗမာတွေလည်း ဖြစ်တယ်၊ အစိုး၇ကိုလည်း ဖြုတ်ချလာကြတာဆိုတော့ တိုင်းရင်းသားတွေဘက်က ကြည့်၇င်လည်း တမျိုးပေါ့။

အဲဒီမှာ သူတို့အမျှော်အမြင်ရှိတာက ကျနော်တို့ တွေကို ခွဲခြားခွဲခြား မလုပ်လိုက်ဘဲနဲ့ စုပေးဖို့အတွက်ကိုသူတို့က ကြိုးစားလိုက်တယ်။ ဒါကတော့ တိုင်းရင်းသားတွေရဲ့ အမျှော်အမြင်ကြီးမားမှုပေါ့ နိုင်ငံရေး အကင်းပါးမှုလို့ ပြောရမှာပဲ။
အဲလိုစုစည်းပေးလိုက်တဲ့အခါကျတော့ ကိုထွန်းအောင်ကျော်(မြောက်ပိုင်းတွင် အသတ်ခံရသော ကျောင်းသားခေါင်းဆောင် ထွန်းအောင်ကျော်-မဟုတ်ပါ) တို့ ဥက္ကဋ္ဌ ဖြစ်တဲ့ ပထမဆုံးကျောင်းသားညီလာခံ ဖြစ်ပေါ်လာခဲ့တယ်။

အဲဒီတုန်းကလည်း ကျောင်းသား ညီလာခံမှာ ဗကသ တွေ မကသ တွေ ယကသတွေကလည်း အုပ်စုတွေနဲ့ ကျောင်းသားညီလာခံမှာ ဘယ်သူ ဗိုလ်လုပ်မလဲပေါ့ဗျာ။ အဲလိုတွေဖြစ်ကြရင်းနဲ့ ကိုထွန်းအောင်ကျော်တို့ကြတော့ ကြားလူလို ဖြစ်ပြီး ကိုထွန်းအောင်ကျော်က ဥက္ကဋ္ဌ ဖြစ်သွားတယ်။

အဲဒီအချိန်ထိ ကျနော်က ABSDF ဗဟိုကော်မတီမှာ စပ်စပ် စပ်စပ် အရှိသေးဘူး။ ကျနော်က နယ်စပ်စခန်းမှာပဲ နေတယ်။ အဲဒီမှာ ယေဘူယျပြောလို့ရှိရင် ကျောင်းသားတော်တော်များများက နယ်စပ်ကိုလာမယ် စစ်သင်တန်းတက်မယ် ပြီးရင် လက်နက်ကိုင်ပြီး အစိုးရကို ပြန်ချမယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ လာခဲ့ကြတော့ တော်ရုံတန်ရုံက ပုဆိုး ၃ ထည် အကျီာင်္ ၃ ထည် အဲလိုမျိုးနဲ့ လာကြတာမျိုးပဲ များတယ်။ နောက် ကျနော်တို့ ရောက်ပြီး မကြာခင်မှ ဆောင်းရာသီလည်း ရောက်တော့ အနွေးထည်တို့ ဘာတို့လည်း မရှိနဲ့ ငှက်ဖျားတွေ ဘာတွေ ဖြစ်ကြတယ်။ လူအုပ်ကြီးကလည်း တော်တော်များတယ်။ စားစရာနဲ့ အနေအထိုင်ကလည်း ဆင်းရဲတယ်။

နိုင်ငံတကာက အဝေးရောက်ဗမာတွေ ကူတယ်၊ တိုင်းရင်းသားတွေကလည်း ကူတယ်ဆိုပေမဲ့ ကျနော်တို့ကျောင်းသားတွေရဲ့ စားသောက်ရမှု အခြေအနေတွေက တော်တော်ကို ဆင်းရဲပါတယ်။ နောက် လူအုပ်ကြီးကလည်း တော်တော်များပါတယ်။ ချက်တော့လည်း မိုးပြဲဒယ်ကြီးနဲ့ ၁၀ အိုးလောက်ချက်၊ ဟင်းကလည်း ပဲဟင်းရေကျဲပေါ့ဗျာ။ ဥပမာ သီဘောပိုးစခန်းမှာဆိုရင် မနက် ၆နာရီကတည်းက တသုတ်ပြီး တသုတ် ထမင်းစားကြတာ နေ့လည် ၁ ၂နာရီထိ မပြီးဘူး။ ဒါမျိုးပေါ့ဗျာ။

နောက် ဆန်တွေသယ်လာတဲ့ ဂုန်နီအိတ်တွေကတော့ ကျနော်တို့က စောင်လုပ်ပြီး အိပ်ပေါ့။ ကြမ်းပြင်ပေါ်မှာ ဒီအတိုင်း အိပ်ကြတယ်ဆိုတော့ လူတော်တော်များက တန်းညှိခံလိုက်ရသလို ဖြစ်သွားတယ်။ ဘယ်လောက် ချမ်းသာ ချမ်းသာ ဘယ်လောက် တော်တော် ဘယ်လို လက်ဖက်ရည်ဆိုင်မျိုးပဲ ထိုင်ခဲ့ ထိုင်ခဲ့ မြို့ပေါ်မှာ ဆေး ဘယ်လောက် ချချ ဘယ်လောက်ပဲ သုံးနိုင်သုံးနိုင် ဒီမှာတော့ အားလုံးက မြေကြီးပေါ်မှာပဲ ဂုံနီအိတ်တထည်ဆီ ရမှာပဲ။ ဆန် ၄ လုံးခွဲကို စားပဲ။ ပဲဟင်းရေ ဒီလောက်ပဲ။ ငရုတ်သီး တတောင့်ပဲ ဆိုပြီး အဲလို တန်းညှိလိုက်သလိုပဲ။ အဲလိုဆိုတော့ ဘ၀ကို သိသွားတယ်။

သိသွားတယ်ဆိုတာကလည်း တကယ်ကိုပဲ မရှိခြင်း တရားဆိုတာကို ကြုံလိုက်ရတာကိုး။ အဲဒီအချိန်မှာ ဒီ မသိခြင်းတရားနဲ့ အခက်အခဲကို ဘာနဲ့ ကျော်ကြသလဲဆိုတော့ နိုင်ငံရေး အသိ၊ ယုံကြည်ချက်ဆိုတာကို စပြီး စဉ်းစားဖြစ်ကြတာပဲ။ ဒီအသိနဲ့ ယုံကြည်ချက်ကို ဘယ်လိုတည်ဆောက်ကြမလဲဆိုတဲ့ စိတ်နဲ့ ကျနော်တို့ရဲ့ ABSDF ဆိုပြီး ဖြစ်လာတယ်။

ABSDF စဖြစ်ဖြစ်ချင်းတော့လက်နက်ကိုင် တော်လှန်မယ် ဘာညာ ဘာညာ ဆိုပြီးတော့ဖြစ်ကြတယ်၊ ရန်တွေဖြစ်ကြတယ် ဆိုပေမဲ့ ကျနော်တို့မှာ အခက်အခဲတော်တော်များများရှိပါတယ်။ အဲဒီအခက်အခဲတွေကို ငါတို့ ဘာလုပ်ကြသလဲဆိုတဲ့ အသိနဲ့ ယုံကြည်ချက်ကို တည်ဆောက်လာရင်းနဲ့ပဲ ကျော်ဖြတ်ခဲ့ကြတယ်။

ကျနော်တို့ ABSDF ဆိုတာက အဖွဲ့အစည်းကြီးကနေ တောခိုလာတာ မဟုတ်ဘူး။ နယ်အသီးသီးက ရောက်လာတဲ့ သူတွေအားလုံးကို အဖွဲ့အစည်းလုပ်ရတာ။ ပြောရရင်တော့ ဗိုလ်မှ ဗိုလ်တွေချည်းပဲလေ ဥက္ကဋ္ဌ ဆိုတဲ့နေရာကလျော့တဲ့သူက တယောက်မှ မပါဘူး။ နောက် နယ်သားတွေ များတယ်။ နယ်သားတွေက ရိုးတယ်။ စခန်းထဲမှာ တဲဆောက် စခန်းဆောက် အပင်စိုက် ဆန်အိတ်သယ်ဆိုတဲ့ အလုပ်ကြမ်းတွေကို သူတို့ အကုန်လုပ်တတ်တယ်။ ကျနော်တို့က သူတို့ဆီကနေ ပြန်သင်ရတယ်။ သူတို့က စရိုက်ကြမ်းတယ်။

အဲဒီမှာ လက်ဖက်ရည်ဆိုင်ထိုင်ပြီးတော့မှ ပွားတတ်တဲ့ မြို့သားကျောင်းသားနဲ့ နယ်ကျောင်းသားတွေရဲ့ ကြားက အထာမကျမှုလေးတွေရှိတယ်။ ကျနော်တို့မြို့ကျောင်းသားများကလည်း တောထဲရောက်တာတောင်မှ လက်ဖက်ရည်ဆိုင် ဖွင့်ဖို့ ကြိုးစားနေကြတာလေ။တောထဲ့ လူတွေကတော့ အချိန်ရတာနဲ့ ဖားရှာ ငါးရှာ သူတို့က အဲလိုမျိုး။ အဲလို ဖားရှာ ငါးရှာတွေကို မြို့ကျောင်းသားတွေကနေ ပြီးတော့ စကားလုံးကြီးတွေနဲ့ အနိုင်ကျင့်ပြီးတော့ မင်းက ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့ အဲလိုမျိုးတွေကလည်း ရှိတယ်။

အဲဒါတွေကို ကျနော်တို့က သင်တန်းတွေနဲ့ဖြတ်သန်းလိုက်ရတယ်၊ သင်တန်းဆိုတာကတော့စစ်သင်တန်းပဲပေါ့ ဒါပေမဲ့ လူတွေကို ပုံဆန်တူတူဖြစ်အောင် တန်းညှိလိုက်ရတယ်။ တပြေးတည်းဖြစ်တော့ မင်းလည်း ဒီဝတ်စုံပဲ မင်းလည်း ၀ါကျည်တောက်ပဲ ရတယ်။ မင်းလည်း ဒီထမင်းလည်း စားရမယ် ဆိုပြီးတော့ ပုံဆန်သွင်းလိုက်ရတယ်။

အဲဒီမှာကျနော်က စစ်တပ်အကြောင်းကို ပိုပြီး နားလည်သဘောပေါက်သွားတယ်။ စစ်တပ်ထဲမှာ အမိန့်ကို ဘာဖြစ်လို့ ကြောက်နေရသလဲ ဆိုတာကို ကျနော်က အဲဒီမှာမှ ပိုနားလည်သွားတာ။ သူ့ဖိနပ်ထဲကို ၀င်စီးကြည့်လိုက်ရမှ သိတာတွေ အများကြီးပဲ။

စကားဆက်ရမယ်ဆိုရင်တော့ ABSDF ပထမ ညီလာခံကနေ စလိုက်တဲ့ မြို့သားတွေနဲ့ နယ်သားတွေနဲ့ အဲဒီလို မပြေလည် မှုတွေနဲ့ အုပ်စု အကွဲအပြဲတွေ ကိစ္စတွေကို ABSDF က တောက်လျှောက်အမွေခံရတာပေါ့။

ကျနော်တို့ အစောပိုင်း ကာလတွေက ကြမ်းတယ်။ နောက်တခုက ဗဟိုကော်မတီလို့ ဆိုတာက အားလုံးကို စုစည်းတဲ့ ဆုံချက်ကြားထဲမှာကိုပဲ၊ အုပ်စု အသီးသီးကို ဆက်စပ်ထားတဲ့ ပုံဆန်မျိုးထဲမှာပဲ ကျနော်တို့ ဆီမှာ ရှိတဲ့ စခန်းတွေဆိုတာက ကျနော်တို့ အုပ်ချုပ်လို့မရဘူး။ အစိုးရကနေ ရပ်ကွက်တွေထိ အုပ်ချုပ်လို့ရသလို ကျနော်တို့က အုပ်ချုပ်လို့ မရဘူး။
ဘယ်လိုလဲ ဆိုတော့ စခန်းတွေက သူ့ဟာသူ ရှာစားတယ်၊ သူ့မဟာမိတ်နဲ့ သူ့လုပ်ငန်း အစီစဉ်နဲ့ သူရှိတယ်။ ကျနော်တို့ ဗဟိုကော်မတီက ဘာလုပ်ရလဲဆိုတော့ အစည်းဝေးခေါ်တာမျိုးလုပ်ရတယ်၊ မဟာမိတ်ဆက်ဆံရေး လုပ်ရတယ်။ အဲဒီလောက်ပဲ ရှိတယ်။

အဲတော့ ကျနော်တို့မှာ ကျောင်းသား စခန်းက ၁၉ ခုရှိတယ်၊ ABSDF က ပထမဆုံး ကျောင်းသားညီလာခံခေါ်တော့ စခန်းတွေက ကိုယ်စားလှယ်တွေကိုခေါ်တယ်။ ခေါ်ပြီးတော့မှ ဖွဲ့လိုက်ကြတာပေါ့။ ကျနော်တို့ ဘုရားသုံးဆူ စခန်းကလည်း ကိုယ်စားလှယ်တွေ လွှတ်တယ်လေ။

အဲဒီတုန်းက ဘုရားသုံးဆူ စခန်းက ဥက္ကဋ္ဌက ကိုတင်စိုးနောင်ပေါ့။၈၈ မှာလုပ်ခဲ့တဲ့ ပထမဆုံး ညီလာခံမှာတော့ ကိုတင်စိုးနောင်တို့ပဲ သွားတယ်လေ။ သွားပြီးတော့သိပ်မကြာဘူး ABSDF ဗဟိုက မတည်မငြိမ်ဖြစ်တယ်။
အဲဒီတုန်းက ဗကသက လာတဲ့ ၀င်းမိုး၊ အောင်နိုင်၊ ကိုကိုဦးပေါ့၊ အောင်နိုင်ဆိုတာ အခု VOA မှာ ဒါရိုက်တာ ဖြစ်နေတဲ့ ကိုသန်းလွင်ထွန်းပေါ့။  သူတို့တွေနဲ့ ဗဟိုကော်မတီထဲမှာ ရှိနေတဲ့သူတွေနဲ့ အဆင်မပြေ ဖြစ်ကြတာ။

အဲတုန်းကလည်း ဖြစ်လာတဲ့ နောက်ပြဿနာ တခုက ဘာလဲဆိုတော့ တောထဲမှာပဲ နေမယ်ဆိုတဲ့ ကျောင်းသားတွေရယ် မြို့ပေါ်နိုင်ငံရေး လုပ်ရမယ်ဆိုတဲ့ အယူအဆတွေကြားထဲမှာလည်း ပဋိပက္ခတွေဖြစ်တာ ရှိတယ်။ အဲဒီမှာပဲ အရေးပေါ် ညီလာခံ ထပ်ခေါ်ရတယ်။ အဲလို အရေးပေါ် ညီလာခံခေါ်တော့ ကျနော့်ကို ကိုတင်စိုးနောင်က စခန်းကနေ လှမ်းခေါ်တယ်။

အဲဒီအချိန်တုန်းကလည်း ကျနော်က စခန်းထဲမှာ စီမံခန့်ခွဲရေး ကိစ္စတွေကို လုပ်တယ်။ အဲဒီအချိန်မှာ လှမ်းခေါ်တယ်၊ ပြောချင်တာက ဘာလဲဆိုတော့ အဲဒီတုန်းကလည်း ကိုယ့်စခန်းကိုယ် ကိုယ်တည်ဆောက်နေရတဲ့ ခါကျတော့ အားလုံးက ကိုယ့်အလှူရှင်နဲ့ကိုယ်၊ ကိုယ့်စခန်း တိုးတက်ရေးပဲ ကိုယ်လုပ်ချင်တာတွေလည်း ရှိတယ်။

 ကျနော်တို့ရဲ့ မဟာမိတ်တွေကလည်း ကိုနိုင်အောင်တို့သွားဖို့သင့်တယ်လို့ ပြောလာတာလည်း ရှိတယ်။ ဗဟိုမှာ စီမံခန့်ခွဲရေး ကိစ္စတွေကို ပိုပြိး အားကောင်းအောင် လုပ်သင့်တယ်ပေါ့ ကိုယ့်စခန်းကိစ္စပဲ ကိုယ်လုပ်နေလို့မရဘူးလို့ ပြောလာတာတွေလည်း ရှိတယ်။အဲဒါနဲ့ ကျနော် သွားတယ်။

အဲဒီ ၁၉၈၉ အရေးပေါ် ညီလာခံမှာ ဗဟိုကော်မတီမှာ ဒုဥက္ကဋ္ဌ အနေနဲ့ တာဝန်ပေးတယ်။

ရှေ့ဆက်ဖော်ပြပေးပါမည်။

မေသင်္ကြန်ဟိန်(မြစ်မခ)
ဒေါက်တာနိုင်အောင်၊ ဓါတ်ပုံ- ကျော်ဇင်မန်း(မြစ်မခ)
13Unlike ·  · 
  • You and 2 others like this.
  • Zaw Ye ( ယကသတွေကလည်း အုပ်စုတွေနဲ့ ) မဟုတ်ပါ ရကသ ပါ ရန်ကုန်ခရိုင်ကျောင်းသား သမဂ ပါ

ABSDF ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင်ရဲ့ တောင်ပိုင်းနှင့် မြောက်ပိုင်း ခရီး(၃)


by May Thingyan Hein on Monday, January 28, 2013 at 4:48am ·

မေသင်္ကြန်ဟိန်(မြစ်မခ)

အပိုင်း(၃)
ကျနော်လုပ်ချင်တဲ့ အစိုးရ ဆရာဝန်လည်း မလုပ်လိုက်ရပါဘူး။ ကျုံဒိုးမှာ ဆေးခန်းလေး ဖွင့်နေရင်းနဲ့ပဲ ၈၈ အရေးအခင်းကြုံပြီး တောထဲရောက်သွားတယ်လို့ ပြောရမှာပဲဗျ။

အမှန်အတိုင်းပြောရရင်တော့ ဆေးကျောင်းတက်နေတုန်းကလည်း နိုင်ငံရေးနဲ့ပတ်သက်ပြီး ယူဂျီလှုပ်ရှားမှုတွေ ဘာတွေလည်း မရှိပါဘူး။ ဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေကို သာမန်လူတယောက်အနေနဲ့ကိုယ့်ဘ၀နဲ့ နှိုင်းယှဉ်ပြီးတော့  မကျေနပ်စိတ်နဲ့ လူငယ်သူပုန်စိတ်လေး ရှိနေရုံလောက်ပါပဲ။

ဒါပေမဲ့ ကျနော် ကျုံဒိုးရောက်တဲ့အခါမှာတော့ မွန်နဲ့ကရင်အစပ်ပေါ့၊ အဲဒီ ဟိုဘက်ကမ်းမှာ ကမ်းနီဆိုတဲ့ ရွာရှိတယ်။ အဲဒီကမ်းနီဆိုတဲ့ ရွာမှာ မကြာသေးခင်ကမှ လွတ်လာတဲ့ နိုင်ယက္ခဆိုတဲ့ လူရှိတယ် သူက အဲဒီမှာ ကျောင်းဆရာလုပ်တယ်။ သူကလည်း ကျောင်းဆရာ၊ ကျနော်ကလည်း ဆရာဝန်အနေနဲ့ ရောက်သွားတော့လူငယ်ချင်းလည်း ဖြစ်တော့ ခင်ကြတာပေါ့။ တော်လှန်ရေး စာပေတွေဘာတွေလည်း ဖတ်ရတယ်။ ပြီးတော့ နယ်စပ်က အခြေအနေတွေ ဘာတွေကိုလည်း သိနေတယ်ပေါ့။

အဲဒီမှာ ကျနော့်သူငယ်ချင်း သန်းဋ္ဌေးဦးကို ခေါ်ပြီးတော့ ကျနော်က သူ့ကို ကမ်းနီမှာ ဆေးခန်းဖွင့်ပေးတယ်။
အဲဒီဘက်အခြမ်းတွေမှာ မှောင်ခိုစီးပွားရေး ရှိနေပေမဲ့ ဆရာဝန်ရှားပါးတယ်။ ကျနော်လည်း ကျနော်က့ သူငယ်ချင်းကို ဆေးခန်းဖွင့်ပေးတယ်ဆိုတာကလည်း ဆေးဆိုရင်လည်း ကျနော်က ဆေးဆိုင်မှာ အကြွေးယူပြီးတော့ ဖွင့်ကြတာပေါ့၊ ကျနော်ရယ်၊ ကျနော့်သူငယ်ချင်းရယ် ကိုယက္ခရယ်ပေါ့။ သူက ပန်းချီတော်တော်လေး ကောင်းတယ်၊ ကဗျာလည်း ကောင်းတယ်၊ ကျနော့် သူငယ်ချင်းကလည်း နိုင်ငံရေး စကားနဲ့ ပြောရင် လက်ဝဲဆန်တယ်ပေါ့ဗျာ။

အဲလိုနဲ့ ၈၈ တကယ်ဖြစ်တဲ့အခါကျတော့ အဲဒီခေတ်က လူငယ်စိတ်နဲ့ပဲ ငါတို့ဘ၀ အနာဂတ်ကို အပြောင်းအလဲ လုပ်ဖို့  လမ်းတခု ပွင့်လာပြီလို့ ခံစားလိုက်ရတယ်။ ငါတို့ မကျေနပ်နေတဲ့ ဒီစနစ်တခုကို ဖောက်ထွက်နိုင်ဖို့ အခွင့်အလန်းရပြီလို့ အဲလို စိတ်ထဲမှာ ထင်လိုက်တယ်။

ဒီမိုကရေစီဆိုလို့ရှိရင်လည်း အဲဒီတုန်းက ကြားရတာပေါ့ အဲဒီမတိုင်ခင်တုန်းကတော့ ဘာမှ မသိပါဘူး။ ဒီမိုကရေစီဆိုတာ အများပြည်သူပိုင်တဲ့ ဟာ…ဆိုတော့ ရင်ကိုသွားထိတယ်။ သေချာသိလှတယ်လို့လည်း မဟုတ်ဘူး။ ဒါပေမဲ့ အတိအကျသေချာတာက ငါတို့ လိုက်မျောနေရတာကနေ ပြောင်းလဲဖို့ ငါတို့ အခွင့်အရေး ရပြီ ငါတို့ အနာဂတ်ကို ငါတို့ ဖန်တီးလို့ရပြီ ဆိုတာနဲ့ ကျနော်တို့ လုပ်ကြတာပဲ။

အဲဒီအချိန်တုန်းကလည်း တခုထူးခြားတာက  ၈၈မှာလည်း ကျနော်တို့ နေတဲ့ ကျုံဒိုးတို့ ဘာတို့မှာ ဘာမှ မဖြစ်သေးဘူး၊ စီးပွားရေးနယ်လို ဖြစ်နေတော့သိပ်လည်း မဖြစ်ကြပါဘူး။ ကျနော်ကလည်း ဆရာဝန်ပေါက်စ လူငယ်အုပ်စုတွေနဲ့လည်း ရင်းရင်းနှီးနှီးရှိတော့ ကျနော့်ကို ဟာ…ဆရာ သူများတွေလည်း ချကုန်ကြပြီ ကျနော်တို့လည်း လုပ်မယ်လေပေါ့။ အဲဒီမှာ သူများလည်း လုပ်ရင် ငါတို့လည်း လုပ်ရမယ်ဆိုတဲ့ စိတ်နဲ့ပဲ လုပ်ခဲ့ကြတာပါ။

ကျနော်တို့ လူငယ်တွေကလည်း လှုပ်စိလှုပ်စိလေးတွေဖြစ်နေကြတော့ တပ်ရင်းမှူး ဗမှူးလှသန်းက ခေါ်ပြီး ဆွေးနွေးတယ်။ တကယ်တော့ ဗမှူးလှသန်းက ကျနော်တို့နဲ့ ဆွေမျိုးမကင်းဘူး။  သူက စခန်းထဲခေါ်ပြီးတော့ ဘယ်လိုလဲ ၊ဘာလဲပေါ့ ၊ ဆန္ဒပြဖို့ အစီစဉ် ရှိလားပေါ့၊ ကျနော်ကလည်း ရှိတယ်ပေါ့။  သူကလည်း မလုပ်ကြဖို့ နားချတာပေါ့ ။ ဒီဘက်က ကရင်သူပုန်နဲ့လည်း နီးတယ်ပေါ့ ပြီးတော့ KUN ကလည်း ခဏခဏ၀င်ပစ်နေတဲ့ နေရာပေါ့။ ကမ်နီဆိုတာက မွန်ဘက်ခြမ်းပေါ့ ချောင်းလေးပဲ ခြားတာကိုး။

ကျနော်က ပြောပြတယ် ကျနော့်စိတ် ကျနော့်သဘောကတော့ တတိုင်းပြည်လုံးဖြစ်နေတာဆိုတော့ လုပ်သင့်တယ်လို့ ထင်တယ်။ နောက် ကျနော်ကတိ တခုတော့ ပေးမယ်လို့ ဖျက်ဆီးတဲ့ ကိစ္စကိုတော့ကျနော် မကြိုက်ဘူး။ လုပ်ဖြစ်လို့ ရှိရင်လည်း စည်းကမ်းရှိရှိနဲ့ပဲ လုပ်မယ်လို့ လုပ်ဖြစ်ရင်လို့ ပြောခဲ့တယ်။ နောက်ပြီးတော့ သူပုန်တွေနဲ့ ဆက်စပ်ပြီးတော့လည်း မလုပ်ဘူးလို့ သူ့ကို ကတိပေးခဲ့တယ်။ အဲဒါနဲ့ ကျနော့်ကို တညနဲ့ ပြန်လွှတ်လိုက်တယ်။

အဲဒီမှာ သြဂုတ်လ လလည်ပိုင်းတောင် ကျော်နေပြီ အဲဒီအချိန်မှ သပိတ်စဖြစ်တယ် ကျုံဒိုးမှာ။ ဖြစ်တော့လည်းဗျာ မျက်နှာပူစရာက ကျနော်နေတဲ့ အိမ်က ပါတီကောင်စီအိမ်။ ဆေးခန်းကဖွင့် ညဆိုရင် အဲဒီအိမ်မှာ ထမင်းစား။သပိတ်ဖြစ်တော့လည်း အဲဒီအိမ်ရှေ့ကနေ ဘယ်နေ့ဘယ်ရက်မှာ နှုတ်ထွက်ကြပါ ဘာညာ အော်ရတာပေါ့ဗျာ။ အဲဒီပါတီကောင်စီကလည်း သဘောကောင်းပါတယ် ဦးပွတဲ့။ သူကလည်း ကျနော့်ကို လာပြောတယ် ကျနော် နေ့လည်ကပဲ နှုတ်ထွက်စာ သွားတင်လိုက်ပါတယ်ပေါ့ဗျာ။ အဲလိုမျိုးတွေလည်း ဖြစ်လာတယ်။

ကျနော်က တောခိုမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့လည်း တောထဲရောက်ခဲ့တာ မဟုတ်ဘူး။အဲဒီတုန်းက မြို့တွေမှာ သပိတ်ကော်မတီတွေက အစစအရာရာအကုန်ပေါ့ဗျာ၊ လုပ်ရတယ်။ လုံခြုံရေးကစ ၊ အခွန်ကိစ္စအဆုံးပေါ့ဗျာ။ အဲဒီတုန်းက ဆန်က ပြတ်သွားတယ်။ ဆန်ပြတ်သွားတော့ ကျနော်က မော်လမြိုင်မှာ ဆန်တက်ဝယ်တယ်။

ဆန်တက်ဝယ်ရင်းနဲ့ ကိုယက္ခရဲ့ အဆက်အသွယ်နဲ့ပဲ နယ်စပ်မှာ ရောက်နေတဲ့ အဖွဲ့တွေနဲ့ ရှေ့ဆက်လှမ်းဖို့ ကိစ္စတွေကို ဆွေးနွေးဖို့အတွက် လိုက်ပို့ပေးမယ် ဆိုတာနဲ့ကျနော်တို့ကလည်း စိတ်ဝင်စားတယ်ပေါ့။ နောက် စိတ်ဝင်စားတယ်ဆိုတာကလည်း နယ်စပ်မှာ တပ်တွေက ရုတ်နေပြီ စစ်ကားတွေ သွားနေပြီပေါ၊ အာဏာသိမ်းဖို့ ပြင်ဆင်နေပြီဆိုတာ မြင်နေရတယ်။ အဲတော့ အာဏာသိမ်းရင် ဘာလုပ်မယ်ဆိုတာလည်း ကျနော်တို့ မသိဘူး။

အဲတော့ တခုခုတော့ အကြံဥာဏ်ယူမယ် တိုင်ပင်မယ် ဆွေးနွေးမယ်ဆိုတဲ့ စိတ်နဲ့ ထွက်ခဲ့တာ။
မှတ်မှတ်ရရ စက်တင်ဘာလ ၆ ရက်နေ့ပေါ့၊ မြို့မှာ ဆန်တွေဘာတွေ ၀ယ်ပြီး ကားတွေနဲ့တင်ပို့ပြီးတော့မှ ထွက်တာ။ ထွက်တုန်းကတော့ ၂ ရက် ၃ ရက်ပဲကြာမယ်ပေါ့။ အဲဒီလို စက်တင်ဘာလ ၆ ရက်နေ့ကတည်းက ထွက်လိုက်တာ ဘုရားသုံးဆူကို စက်တင်ဘာလ ၂၄ ရက်နေ့မှပဲ ရောက်တော့တယ်။

ဘာကြောင့်အဲလို ကြာလဲဆိုတော့ လမ်းမှာ မွန်နဲ့ ကရင်နဲ့တိုက်ပွဲတွေဖြစ်ကြတယ်၊ ကျနော်က မွန်နဲ့သွားတာဆိုတော့ လမ်းမှာ တိုက်ပွဲတွေ ရှောင်သွားရတယ်။ အဲလို သွားနေရင်းနဲ့ပဲ လမ်းမှာပဲမြို့ပေါ်မှာ အာဏာသိမ်းပြီ ဆိုတဲ့သတင်းကြားရတယ်။ အဲလို အာဏာသိမ်းတာနဲ့ တနသာင်္ရီဘက်က ကျောင်းသားတွေလည်း အများကြီးပဲ ရောက်လာကြတယ်။ ကျနော်တို့ သပိတ်စခန်းကလည်း ဖြိုခွဲခံလိုက်ရပြီ၊ အဲဒီက ကျောင်းသားတွေလည်း တက်လာကြတယ်။ ကျနော်လည်း ပြန်လို့မရတော့ဘူး။
အဲဒီမှာ လက်တွေ့ကြုံတာက ဘာလဲဆိုတော့ တောထဲမှာလည်း အကုန်လုံး စားစရာမရှိ၊ ကျန်းမာရေး စောင့်ရှောက်မှုလည်း မရှိဆိုတော့ အဲဒါတွေကို လျှောက်လုပ်ရင်းနဲ့      တောက်လျှောက် တောထဲနိုင်ငံရေးထဲ ရောက်လာခဲ့တာပေါ့၊ လက်နက်ကိုင်တော်လှန်ရေးဘက် အရမ်းပြင်းထန်လို့လည်း မဟုတ်ပါဘူး။ နိုင်ငံရေးကို အရမ်းယုံကြည်လို့ဆိုတာထက် ဘ၀နဲ့ယှဉ်သိတဲ့ နိုင်ငံရေး အသိလေးပေါ့နော် အဲဒီကနေစဖြစ်ခဲ့တာ။

တောထဲရောက်တဲ့အခါကျတော့ အားလုံးက သပိတ်စခန်းတွေ သပိတ်စခန်းတွေကနေ အုပ်စုလိုက် လာကြတာ။ ကျနော်က တယောက်တည်းပဲ။ ကျနော့ သပိတ်စခန်းက ကောင်လေးတွေက ဟိုဘက် ကရင်စခန်းရောက်သွားတာကိုး။

ဟိုမှာ တောထဲရောက်ပြီးတော့ ငှက်ဖျားဖြစ်ကြတာကိုး၊ ကျနော်က ဆရာဝန်လည်းဖြစ်တော့ စီမံခန့်ခွဲရေးအတွေ့အကြုံလည်း အနည်းအကျဉ်းရှိတယ်၊ အင်္ဂလိပ်စာလေးလည်း မတောက်တခေါက်ပြောတာလေးတွေ ရှိတော့ နယ်စပ်ရောက်တော့ နယ်ကကျောင်းသားတွေရဲ့ ကိုးစားမှု ရတာပေါ့။ အဲတော့ ကျနော်နောက်ပြီး အမြဲတမ်းပြောတာရှိတယ် ကျနော်ဥက္ကဋ္ဌ ဖြစ်လာတာ ဆေးကုပြီးတော့ဖြစ်လာတာလို့ ပြောတာပေါ့။

ဟိုရောက်တော့လည်း ကျနော်တို့က စခန်းလေး ထောင်တယ်၊ နောက် ကျန်းမာရေး စောင့်ရှောက်မှု ကိစ္စတွေ နောက်ပြီးတော့ စားဝတ်နေရေးကိစ္စတွေကို စီမံခန့်ခွဲပေးရတာပေါ့ဗျာ။

အဲဒီတုန်းက နယ်စပ်မှာ တောခိုတာက အများစုက နယ်တွေကလိုဖြစ်တယ်၊ သူတို့က ၇ွာလိုက်ထွက်လာကြတာ၊ မုဒုံဆို မုဒုံ၊ မော်လမြိုင်ဆို မော်လမြိုင်၊ သံဖြူဇရပ်ဆိုရင် သံဖြူဇရပ် အားလုံးက ကြည့်လိုက်လို့ရှိရင် ဥက္ကဋ္ဌ၊  ဒုဥက္ကဋ္ဌအဲလိုတွေနဲ့ နောက်လိုက်တွေပေါ့။ နောက်နယ်တွေရဲ့ သဘောသဘာဝက အုပ်စု အားပြိုင်မှု တွေရှိကြတယ်။

ကျနော်ကတော့ တယောက်တည်းဆိုတော့ ဘယ်အုပ်စုမှလဲ မရှိတော့ကြားထဲမှာ ထိန်းရင်း ညှိုရင်းပေါ့ဗျာ။ စခန်းအုပ်ချုပ်ရေး ကိစ္စတွေ ၀င်လုပ်ပေးရင်းနဲ့ အခု သမ္မတအကြံပေးလုပ်နေတဲ့ ကိုဇော်ဦးပေါ့၊ သူနဲ့ ကျနော်တို့က စခန်းတခုတည်းကိုး အဲဒီတုန်းက သူက ဥက္ကဋ္ဌ၊ ကျနော်က ဒု ဥက္ကဋ္ဌပေါ့။

အဲဒီတုန်းက အဲလိုနည်းအမျိုးမျိုးနဲ့ ရောက်သွားကြတဲ့ ကျောင်းသားတွေက ထိုင်းနယ်စပ်ကို ရောက်တာ ရှိတယ်။ တရုတ်နယ်စပ်ဘက် ရောက်သွားတာ ရှိတယ်။ ကချင်ဘက်ရောက်သွားတာ ရှိတယ်။ ရှမ်းဘက်ရောက်သွားတာရှိတယ်၊ ရခိုင်ဘက်ရောက်သွားတာ ရှိတယ်၊ ဘင်္ဂါလားဒေ့ရှ်ဘက်ရောက်သွားတာ ရှိတယ်။ အဲတော့ အဲဒီအချိန်မှာပဲ ကျောင်းသား စခန်းက စုစုပေါင်း စခန်း ၁၉ ခုလောက်ရှိတယ်။ နယ်စပ် စခန်းလေးတွေ လုပ်နေကြတာပေါ့။

အဲဒီတုန်းကတော့ နာမည်ကြီးတွေလို့ ပြောရင်တော့ ကိုမောင်မောင်ကျော်ပေါ့၊ သူက ၈၈ မတိုင်ခင်ကတည်းက ထွက်သွားလိုက်တာဆိုတော့ ကျောင်းသားတွေက တောခိုတဲ့အခါမှာ ကိုမောင်မောင်ကျော့် နောက်ဆိုပြီးတော့ လိုက်တဲ့ သူက များတယ်။ ကျောင်းသားတွေကတော့ ကိုမောင်မောင်ကျော့်နောက်ဆိုပြီး လိုက်လာကြတာပဲ။

အဲဒီတုန်းက ကျောင်းသားအဖွဲ့တွေရဲ့ ထူးခြားချက်က ဘာလဲဆိုတော့ ကရင်မှာဆိုရင်လည်း သူ့တပ်မ နယ်မြေအသီးသီး ရှိတယ်။ မွန်ဘက်မှာဆိုရင်လည်း မွန်ပေါ့ဗျာ၊ အဲဒီတုန်းက ကျနော်တို့က စဉ်းစားနေရတာက ကျနော်တို့ရဲ့ ဘုရားသုံးဆူ ဆိုတာကလည်း မွန်နဲ့ ကရင်နဲ့ အကြီးအကျယ် ချထားတဲ့ နေရာပေါ့။ ကျနော်တို့ ရောက်သွားတော့လည်း လုံးဝ မီးလောင်ပြင်၊ မိုင်းတွေလည်း ပြည့်နေတာပါ။  ရွာသားတွေလည်း မရှိဘူး။ လူတွေလည်း တော်တော်သေကြတယ်။ဘယ်သူမှ မရှိတော့ ကျနော်တို့က အဲဒီမှာ ၀င်ပြီးတော့ရွာသားတွေ စိုက်ထားတဲ့ ရွှေဖရုံသီးတို့ ကျောက်ဖရုံသီးတို့ကစပြီး စားသောက်ကြတယ်။
အဲဒီလိုပဲ မွန်ဘက်ကိုလည်း ကျောင်းသား ရောက်တယ် ကရင်ဘက်ကိုလည်း ကျောင်းသားတွေ ရောက်ကြတယ်။

ရှေ့ဆက်ဖော်ပြပေးပါမည်။
မေသင်္ကြန်ဟိန်(မြစ်မခ)

14Unlike ·  · 
  • You and 4 others like this.
  • Kyaw Mar Lar ခုချိန်အထိတော့သူပြောတဲ့သူ့ အကြောင်းကဘာမှမဟုတ်သေးဘူးနော်