Showing posts with label ကိုမောင်မောင်ကြွယ်. Show all posts
Showing posts with label ကိုမောင်မောင်ကြွယ်. Show all posts

Thursday, February 7, 2013

ကိုမောင်မောင်ကြွယ့် အမှတ်တရ လုပ်ကြမယ်...


Yannaing Thanpe · 602 followers
8 hours ago near Rangoon, Yangon · 
  • ၁၉၉၂ ခုနှစ် ဖော်ဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် မြန်မာပြည်မြောက်ပိုင်း တနေရာတွင် ကွယ်လွန်ခဲ့သည့် အခြေခံပညာ ကျောင်းသားများ သမဂ္ဂ အဖွဲ့ဝင် ကိုမောင်မောင်ကြွယ်အတွက် အောက်မေ့ဖွယ် အခမ်းအနား ကျင်းပရန်အတွက် အခြေခံပညာ ကျောင်းသားများ သမဂ္ဂ အဖွဲ့ဝင်ဟောင်းများ အကြိုဆွေးနွေး၍ အောက်ပါ အတိုင်း ဆုံးဖြတ်ခဲ့ကြပါသည် ။
    ၁ ။ မြန်မာပြည် အနံအပြားမှ စစ်ဘေးဒဏ်ကြောင့် မိဘမဲ့ဖြစ်ခဲ့သည့် တိုင်းရင်းသား လူမမယ်များအား စောင့်ရှောက်ထားသည့် ဘုန်းကြီးကျောင်းတခုတွင် တနပ်စာ အာဟာရဒါနပြုလုပ်ခြင်း ။
    ၂ ။ နေ့စဉ်ထုတ် ဂျာနယ် ၊ မဂ္ဂဇင်းအချို့တွင် စာမျက်နှာအပြည့် ( သို့မဟုတ် ) စာမျက်နှာတ၀က် ကိုမောင်မောင်ကြွယ်နှင့် ပတ်သတ်သည့် အောက်မေ့ဖွယ် ဆုတောင်း စာကားများ ထည့်သွင်းခြင်း ။
    ၃ ။ ကချင်ပြည်နယ် လိုင်ဇာဒေသ အထိ ငြိမ်းချမ်းရေး အတွက် ခြေလျှင်ချီတက် ဆန္ဒထုပ်ဖော်နေသည့် အဖွဲ့မှာ တဆင့် ကိုမောင်မောင်ကြွယ် ကွယ်လွန်ခဲ့သည့် ဒေသတွင် အမှတ်တရ ကျောက်တိုင် ( သို့မဟုတ် ) ငြိမ်းချမ်းရေး ကျောက်တိုင် စိုက်ထူခြင်း ။
    စသည့် အောက်မေ့ဖွယ်များကို ပြုလုပ်ရန် အကြမ်းဖျင်း သဘောတူခဲ့ပါသည် ၊ လည်းကောင်း အခမ်းအနား ဖြစ်မြောက်ရန်အတွက် ပြည်တွင်း ပြည်ပမှာ အောက်ဖော်ပြပါ အလှုရှင်များမှာ့ လှုဒါန်းခဲ့ပါသည် …..
    ၁ ။ ဦးကိုကိုလတ် ( ဂျပန် ) မှ ၁၀၀၀၀၀ ကျပ်တိတိ
    ၂ ။ ဦးသီဟသွေး ( လှိုင် ) မှ ၁၅၀၀၀၀ ကျပ်တိတိ
    ၃ ။ ဦးမြင့်ဦး ( ခ ) ကိုရေချမ်း ( နော်ဝေး) မှ ၁၀၀၀၀၀ ကျပ်တိတိ
    ၄ ။ ဦးဇော်ဝမ်းမောင် ( တဥက္ကလာပ ) မှာ ၁၀၀၀၀၀ ကျပ်တိတိ
    ၄ ။ ဦးအိုးဝေအောင် (ခ) သော်ကြီး ( အမေရိကန် ) မှာ ၁၀၀ US
    ၅ ။ ဦးစောနေဆနိး ( ကမာရွတ် ) မှာ ၅၀၀၀ ကျပ်တိတိ
    ၆ ။ ဦးစည်သူချို ( ကမာရွတ် ) မှာ ၁၀၀၀၀ ကျပ်တိတိ
    ၇ ။ ဦးခိုင်မင်း မှာ ၃၀၀၀၀ ကျပ်တိတိ
    ၈ ။ ဦးမောင်မောင်စိုး ( တာမွေ ) မှာ ၁၀၀၀၀ ကျပ်တိတိ
    ၉ ။ ဦးကိုကိုစိုး ( ရန်ကင်း ) မှာ ၂၀၀၀၀ ကျပ်တိတိ
    ၁၀ ။ မချယ်ရီ ( တာမွေ ) မှာ ၅၀၀၀ ကျပ်တိတိ ကောက်ခံရရှိထားပြီး လာမည့် ( ၁၀ ၊ ၂ ၊ ၂၀၁၃ ) ရက် နေ့လည် ၁ နာရီတွင် အမှတ် ( ၁၀၆ ) အောင်မင်္ဂလာလမ်း ၊ ကျောက်မြောင်းရှိ ကိုသက်ဝင်းအောင် အထိမ်း အမှတ် စာကြည့်တိုက်တွင် ထပ်မံ၍ အပြီးသတ်ဆွေးနွေးမည်ဖြစ်ကြောင်းနှင့် ပူးပေါင်းပါဝင် လှုဒါန်းနိုင်ပါကြောင်း အသိပေး ဖိတ်ခေါ်ပါသည် ။
    2Unlike ·  · 
    • အိုးဝေအောင် အိုးဘားမား ကိုရန်နိုင်။ဆုံးဖြတ်ချက်အတည်ဖြစ်လို့  ပတ်ဗလစ်ကို ဖြန့် တာပေါ့နော် ။ရှေ့ ဆက် အချိန်နဲ့ တပြေးညီ ထပ်ဖြန့် နိုင်ပါစေ။
    • Yannaing Thanpe ဟုတ်ကဲ့ ကအိုးဝေရေ .. အတ်မင်လုပ်ရတာ တယ်လည်း တာဝန်ကြီး သကိုဗျာ့ ... ။ အစည်း အဝေး မတတ်နိုင်ရင်လည်း ဆူဆဲ ခံရသဗျာ့ ... အချိန်နဲ့ တပြေးညီ မတင်နိုင်ရင်လည်း စောင်းချိတ်ခံရသဗျာ့ ... ( အာဏာရှင် စနစ်ပဲ ကောင်းပါတယ်ဗျာ ... အဟီး )

Friday, July 13, 2012

စစ်ထောက်လှမ်းရေးဟုစွပ်စွဲခံရပြီးသေဆုံးခဲ့ရသောမောင်မောင်ကြွယ်၏ပုံရိပ်တစ်ခု

စစ်ထောက်လှမ်းရေးဟုစွပ်စွဲခံရပြီးသေဆုံးခဲ့ရသောမောင်မောင်ကြွယ်၏ပုံရိပ်တစ်ခု

by Ko Lin Wai Aung on Monday, January 30, 2012 at 4:10am ·

ကိုမောင်မောင်ကြွယ်က တိုက်( )အခန်း( ) မင်းဒင်လမ်းနှင့် ပေါ်ဆန်းမွှေးလမ်းကြား (၂၅)ရပ် ကွက်- သုဝဏ္ဏမြို့-သင်္ဃန်းကျွန်းမြို့နယ်မှာနေထိုင်ခဲ့ပါတယ်…၁၉၈၈ခုနှစ်မှာ န၀မတန်း ကျောင်းသား တစ်ဦး ဖြစ်ပါတယ်…အ.ထ.က(သုဝဏ္ဏ) မှာ တက်ရောက်ပညာသင်နေသူတစ်ဦး ဖြစ်ပါတယ်…၁၉၈၈ ကျောင်းသား လှုပ်ရှားမှုများမှာ အခြားကျောင်းသားများနှင့် အတူ ပါဝင်ခဲ့ပါတယ်…

၁၉၈၈ နှစ် အရေးအခင်းကာလ အပြီးမှာ ရန်ကုန်တက္ကသိုလ် မန္တလေးဆောင်က ကိုမင်းဇေယျာ၊ ကိုသော်ဇင် (ဆေးတက္ကသိုလ်) တို့ရဲ့ အကြံပြုချက်အရ ရန်ကုန်တိုင်း(အခြေခံပညာကျောင်းသားများသမဂ္ဂ) ဖွဲ့စည်း ရေးဆောင်ရွက်ခဲ့ပါတယ်…

ဒေါ်ချိုချိုကျော်ငြိမ်းရဲ့(ဖဆပလ) ရုံးမှာ စုဝေးနေထိုင်ကြရင်း အခသ(ရန်ကုန်တိုင်း)ကိုဖွဲ့စည်းခဲ့ကြပါ

တယ်… အခသ(သင်္ဃန်းကျွန်းမြို့နယ်) ရဲ့ဥက္ကဋ္ဌတာဝန်ယူခဲ့ပါတယ်…လွန်ခဲ့တဲ့ရက်ပိုင်းက ပြန်လည်လွတ် မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသူ မမီးမီး(ခ) မသင်းသင်းအေး(တာမွေ-အခသ)၊ကိုသီဟတို့နဲ့ အလုပ် အတူတွဲလုပ်ခဲ့ပါတယ်…ရန်ကုန်တိုင်း(အခသ)အလုပ်တွေကို တစိုက်မတ်မတ် လုပ်ခဲ့သူတစ်ဦးပါ…

၁၉၈၉- မတ်လ(၁၃)ရက် ကိုဖုန်းမော်နှစ်ပတ်လည်အခန်းအနားကို ရန်ကုန် စက်မှုတက္ကသိုလ် ၀င်း အတွင်းမှာ ကျင်းပစဉ်က အခသ(ရန်ကုန်တိုင်း) အနေနဲ့ပါဝင်ခဲ့ပါတယ်… ဖွင့်ပွဲအခန်းအနားမှာ ကမ္ဘာမကြေ

ဘူးသီချင်းဖြင့်စတင်ဖွင့်လှစ်ခဲ့ပါတယ်… အခသ(ရန်ကုန်တိုင်း)အဖွဲ့ဝင်များကဦးဆောင် သီဆိုခဲ့ကြတာဖြစ်ပြီး

ကိုမောင်မောင်ကြွယ်လည်းတစ်ယောက်အပါအ၀င် ဖြစ်ခဲ့ပါတယ်…

ဒေါ်ချိုချိုကျော်ငြိမ်းရဲ့မွေးစားသားတစ်ဦး လည်းဖြစ်ခဲ့ပါတယ်… ၁၉၈၉ဧပြီလခန့်မှာမကဒတ(ကချင်)

သို့ထွက်ခွာသွားတာဖြစ်ပါတယ်…


· · Share

Monday, July 9, 2012

မောင်မောင်ကြွယ် (ခင်ငြိမ်းသစ်)

by Khin Nyein Thit on Tuesday, February 14, 2012 at 11:55pm ·

ကျမရဲ့ ဖေဖေက အ.ထ.က သုဝဏ္ဏ ကျောင်းကို စတည်ထောင်ခဲ့ သူတွေ ထဲမှာပါဝင်ပါတယ်။ ဒါကြောင့်လည်း သုဝဏ္ဏမြို့မှာ ကျမဖေဖေရဲ့ နာမည်ကို မသိသူ ရှားပါတယ်။ ဖေဖေက ကျောင်းသားတွေအပေါ်မှာလည်း အနစ်နာခံ တတ်တော့ ကျောင်းသားတွေက ကျမဖေဖေကို ချစ်ခင်ကြပါတယ်။ ဒါကြောင့် လည်း ကျမတို့အိမ်မှာ ဖေဖေရဲ့ တပည့်တွေနဲ့ အမြဲစည်ကားနေတတ်ပါတယ်။
ကျမတို့အိမ်ကိုအမြဲလာတတ်တဲ့ ကျောင်းသားတွေထဲမှာ မောင်မောင်ကြွယ်လည်းပါပါတယ်။ မောင်မောင်ကြွယ်တို့မိသားစုလည်း သုဝဏ္ဏမင်းဒင်လမ်းမှာနေထိုင်ကြပါတယ်။ သူတို့မိသားစုတွေလည်း သုဝဏ္ဏမြို့ စတည်ကတည်းက နေထိုင်ကြတဲ့ မိသားစုတွေ ပါ။ မောင်မောင်ကြွယ် တို့ မှာမောင်နှ မ လေးယောက်ရှိပြီး အားလုံးက ဖေဖေ့ရဲ့ တပည့်ဖြစ်ခဲ့ဘူးသူချည်းပါပဲ။ မောင်မောင်ကြွယ်ရဲ့ အစ်ကိုအကြီးဆုံးနဲ့ ဒုတိယမြောက်အမဟာ ကျမတို့တွေထက် အသက်ကြီးလို့ ကျမတို့က သူတို့နဲ့ သိပ်မခင် ပါဘူး။ မောင်မောင်ကြွယ်ရဲ့ တတိယမြောက်အမ နွယ်နွယ်စိုးက ကျမနဲ့ ကျောင်းနေဖက်ပါ။ နွယ်နွယ်စိုးက ဥာဏ်လည်းကောင်းသလို ပညာလည်း တော်ပါတယ်။ မောင်မောင်ကြွယ်ကလည်း ဥာဏ်ကောင်းပြီး စာတော်သူပါပဲ။ အဲဒီအချိန်က မောင်မောင်ကြွယ်ဟာ အသက် ၁၄ နှစ်ကျော်ကျော်ပဲ ရှိပါသေးတယ်။

မောင်မောင်ကြွယ်က ခပ်ငယ်ငယ်ကတည်းက ကျမတို့ အိမ်မှာဝင်ထွက်နေတာပါ။ သူ့ရဲ့ အင်မတန်တော်တဲ့ အရည်အချင်းတစ်ခုက အိပ်ပျော်နေတဲ့ ခွေး ၂ ကောင်ကို ထကိုက်အောင် ဖန်တီးနိုင်ပါတယ်။ အစ အနောက်ဝါသနာပါလို့ မကြခဏ ပြဿနာရှင်းရတတ်ပါတယ်။ မဟုတ်ရင်မခံတတ်လို့ ကျောင်းထုတ်ခံရဖို့ သီသီလေးလွတ်သွားတာပါ။ ကျမတို့ သုဝဏ္ဏကျောင်းကို အသစ်ပြောင်းလာတဲ့ ဆရာက ကျောင်းသူတစ်ယောက်ကို အပြစ်မရှိဘဲ အတန်းရှေ့ထုတ်ရိုက်လိုက်လို့ အဲဒီကျောင်းသူ ရှက်ပြီးငိုတော့ မောင်မောင်ကြွယ်က ဦးဆောင်ပြီး ဆန္ဒပြလို့ ကျောင်းထုတ်ခံ ရမလို ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ မောင်မောင်ကြွယ်ကို ဆရာ၊ ဆရာမတွေက ချစ်ကြတော့ အားလုံးဝိုင်းဖြေရှင်းပေးကြလို့ ကျောင်းထုတ်မခံရတော့ပါ။ ကျောင်းအုပ်ကြီးကလည်း မောင်မောင်ကြွယ်မလွန်မှန်း သိလို့ပါ။ ကျမဖေဖေက သူ့ကို မျောက်လို့ခေါ်ပြီး၊ ကျမတို့က သူ့ကိုကြွက်လို့ခေါ်ပါတယ်။ ဘယ်လိုပဲခေါ်ခေါ်မောင်မောင်ကြွယ်က အပြုံးမပျက်ပါ။
အရေးအခင်း မတိုင်ခင်က ကျမက မောင်မောင်ကြွယ်တို့နဲ့ ခပ်တန်းတန်းနေပါတယ်။ မောင်မောင်ကြွယ်က ကျမညီမနဲ့ ရွယ်တူဖြစ်ပြီး ကျမမောင်လေးရဲ့ သူငယ်ချင်းပါ။ သူ့က အစအနောက်သန်မှန်းသိလို့ ကျမ သိပ်မရောတာပါ။ ၁၉၈၈ မတ်လ ၁၇ ရက်နေ့က ကျမမောင်လေး ကျောင်းထဲမှာကျန်ခဲ့တာကို မောင်မောင်ကြွယ်က သိသွားပြီး ကျမကိုလာမေးရာက ကျမသူတို့နဲ့ နိုင်ငံရေး စလုပ်ဖြစ်ပါတယ်။ သူတို့လို့ ဆိုရာမှာ ကျမမောင်လေး၊ မင်းဦး(အဲဒီ့အချိန်က ဆေးတက္ကသိုလ်ကျောင်းသား)၊ သက်နိုင် (၁၀ တန်းကျောင်းသား)၊ မောင်မောင်ကြွယ် တို့ပါပဲ။ မတ်လနောက်ပိုင်းမှာ ကျမနဲ့ စောစန္ဒာနွယ်၊ မောင်မောင်ကြွယ်၊ ကျမမောင်လေးတို့ ၄ ယောက် အစိုးရဆန့်ကျင်စာတွေကို လိုက်လံဝေငှပါတယ်။
ဇွန်လ ကျောင်းတွေပြန်ဖွင့်ပြီး ဇွန်အရေးတော်ပုံစတော့ မောင်မောင်ကြွယ်နဲ့ ကျမမောင်လေးဟာ နေ့တိုင်းကျောင်းထဲက တရားပွဲတွေကို လာလေ့ရှိပါတယ်။ ဖွန်လ ၁၉ ရက်နေ့ညနေက မောင်မောင်ကြွယ်က တရားဟောဖို့ ရေးထားတဲ့ စာကြမ်းကို ကျမဖေဖေကို လာဖတ်ခိုင်းပြီး နဲနဲပါးပါး ဖြည့်စွက်ခိုင်းပါတယ်။ အဲဒီညမှာ တက္ကသိုလ်တွေကို ပိတ်လိုက်လို့ မောင်မောင်ကြွယ် တရားမဟောဖြစ်လိုက်ပါဘူး။ ဒါပေမဲ့ မောင်မောင်ကြွယ်က ဇွန်လနောက်ပိုင်းမှာ လက်ဖက်ရည်ဆိုင်က ထိုင်ခုံလေးပေါ်တက်ပြီး သူရေးထားတဲ့ တရားကို ရအောင်ဟောလို့ ကျမတို့က သူ့ကို အမြဲ နောက်ပြောင်လေ့ရှိပါတယ်။ အဲဒီနောက်တော့ မောင်မောင်ကြွယ်ဟာ ကျမတို့မောင်နုမနဲ့ ရဲဘော်ရဲဘက်တွေဖြစ်လာပါတယ်။ ကျမတို့မောင်နုမ ကျောင်းသားခေါင်းဆောင်မောင်မောင်ကျော်ဦးဆောင်တဲ့ ဗမာပြည် ပြည်သူ့လွတ်မြောက်ရေး လူငယ်တပ်ဦး(BYLF)ရဲ့ အဖွဲ့ဝင်ဖြစ်တော့ သူလည်း ကျမတို့မောင်နှမနဲ့ အတူတူပါပဲ။ မောင်မောင်ကျော် ကျမတို့ အိမ်ကိုလာမည်ဆိုလို့ မောင်မောင်ကြွယ်တစ်ယောက် ထိုင်စောင့်နေခဲ့ပါတယ်။ သူက မောင်မောင်ကျော်ကို အထင်ကြီးလေးစားနေတာကိုး။
သူ့အကြောင်း မှတ်မှတ်ရရက ဇူလိုင်လအတွင်းမှာ မာရှယ်လောကလည်း ရှိနေပါတယ်။ ကျမစာသင်ပြီးအပြန်မှာ အရက်မူးနေတဲ့ ကုလားတစ်ယောက်က ကျမကိုလာအာနေပါတယ်။ ကံဆိုးချင်တော့ ကျမတို့လမ်းထိပ်က လက်ဘက်ရည်ဆိုင်မှာ မောင်မောင်ကြွယ်တို့ သူငယ်ချင်းတွေထိုင်နေပါတယ်။ ကျမကိုတွေ့သွားတဲ့ မောင်မောင်ကြွယ်က လက်ဖက်ရည်ဆိုင်ကနေ ထွက်လာပြီး ကျမနောက်ကိုလိုက်အာနေတဲ့ ကုလားကို ဟောက်ပါတော့တယ်။ ကျမလည်း ဆက်ရပ်ကြည့်နေရင်မကောင်းလို့ အိမ်ပြန်လာပြီး ကျမမောင်ကို ဘာတွေဖြစ်နေလဲ စက်ဘီးနဲ့ သွားကြည့်ခိုင်းလိုက်ပါတယ်။ ကျမမောင်ပြန်လာတော့ A-4 စာရွက် တစ်ထုပ်နဲ့ မောင်မောင်ကြွယ် စက်ဘီးနောက်မှာပါလာပါတယ်။ ကျမက သူ့ကို ဆူပူတော့ သူက “အမကလည်း တော်လှန်ရေးအတွက်ပဲဟာကို၊ ဘာလဲ အမက အဲဒီဘဲကို ခိုက်နေတာလား” လို့ ပြောလို့ ကျမစိတ်တွေဆိုးခဲ့ဘူးပါတယ်။
၉.၈.၈၈ မှာတော့ ကျမမောင်လေးနဲ့ မောင်မောင်ကြွယ်က ကျမကို မခေါ်ပဲ သူတို့ ၂ ယောက်ထဲ ဆန္ဒပြနေကြတာပါ။ ကျမကိုဘာလို့ မခေါ်တာလည်းမေးတော့ အမက မပြေးနိုင်ရင် အပစ်ခံနေရမယ်လို့ သူတို့ပြန်ဖြေကြပါတယ်။ အရေးတော်ပုံ တစ်လျောက်လုံး သူက ကျမတို့အိမ်မှာပဲ နေပါတယ်။ အဲဒီ့ကာလအတွင်း ကျမတို့အိမ်မှာ သုဝဏ္ဏက ကျောင်းသားတွေ ၁၀ ယောက်လောက်ရှိပါတယ်။ ကျမတို့အိမ်မှာ အစိုးရ၀န်ထမ်း ၂ ယောက်ရှိလို့ ၀န်ထမ်းဆန် အပြည့်ရှိပါတယ်။ ကျမ အမရဲ့ ၀ိရိယကြောင့် ငါးခြောက်တွေလည်း အိမ်မှာ ရှိပါတယ်။ မနက်ဆိုရင် အမက ထမင်းချက်၊ ငါးခြောက်နဲ့ ဟင်းစီစဉ်လေ့ရှိပါတယ်။ အဲဒီအချိန်က ဈေးဆိုင်တွေလည်း မရှိတော့ မောင်မောင်ကြွယ်နဲ့ ကျမမောင်က အားလုံးစားဖို့ ဟင်းသီးဟင်းရွက် အရှာထွက်ရပါတယ်။
တရက်တော့ မောင်မောင်ကြွယ် ပဲဝါလေးတစ်ထုတ်နဲ့ အိမ်ရောက်လာပါတယ်။ ဘယ်ကယူလာတာလည်းမေးတော့ သူ့ကြီးတော်ဆီက တောင်းလာတာတဲ့။ သူ့ကြီးတော် အပျိုကြီးက မောင်မောင်ကြွယ်ကို အရမ်းချစ်ပါတယ်။ မောင်မောင်ကြွယ်က သူနေ့တိုင်း ကန်စွန်းရွက်နဲ့စားနေရတာလို့ ပြောလိုက်လို့ အားလုံးစားဖို့ ပဲဝါလေးပေးလိုက်တာပါ။ ကျမ အမေကတော့ “ဟဲ့ သား အိမ်ကလူတွေ တကယ်မှတ်နေအုံးမယ် ” လို့တောင် ပြောလိုက်ပါသေးတယ်။
အရေးတော်ပုံကာလ တစ်လျောက် အဟောအပြောကောင်းတဲ့ ကျမအဖေကို သင်္ဃန်းကျွန်းမြို့နယ်ထဲမှာ ခဏခဏလာခေါ်တတ်ပါတယ်။ ဖေဖေတရားဟောဖို့သွားတိုင်း မောင်မောင်ကြွယ်နဲ့ ကျမမောင်လေးက ဖေ့ဖေ့ရဲ့ အစောင့်အရှောက် လုပ်ပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက် ကျမက ကျမအဖွားနေတဲ့ ရန်ကင်းမှာနေပါတယ်။ ကျမမောင်လေးကို အဖွားက ခေါ်ပေမဲ့ မောင်လေးက ရန်ကင်းမှာနေရင် သူလုပ်ချင်တာမလုပ်ရမှာကြောက်လို့ သုဝဏ္ဏမှာပဲနေပါတယ်။ ကျမတို့ရဲ့ ဘေးအိမ်မှာနေတဲ့ မ.ဆ.လ ဆရာတစ်ယောက်က တိုင်လိုက်လို့ ကျမမောင်လေးကို ဖမ်းသွားတဲ့ အခိုက် မောင်မောင်ကြွယ်က ကျမတို့ မိသားစုရဲ့ သားတစ်ဦးအဖြစ် နေထိုင်ပေးခဲ့ပါတယ်။ ကျမ ပုန်းအောင်းနေတဲ့ ရန်ကင်းကိုလည်း ကျမမေမေရဲ့ ဆက်သားအဖြစ် မကြာခဏ လာရောက် တတ်ပါသေးတယ်။ ကျမပါဝင်ခဲ့တဲ့ ဗမာပြည် ပြည်သူ့လွတ်မြောက်ရေး တပ်ဦး (BYLF) မှာသူလည်းပါတာမို့လို့ BYရဲ့ လုပ်ငန်းတွေကိုလည်း သူလုပ်ကိုင်နေပါတယ်။ မောင်မောင်ကြွယ်က ကျမတို့အဖွဲ့ရဲ့ ခေါင်းဆောင် မောင်မောင်ကျော်ရှိရာကို လိုက်သွားဖို့ မကြခဏတောင်းဆိုတတ်ပေမဲ့ ကျမတို့ရဲ့ ရဲဘော်ရဲဖက် အေးကျော်က မသွားဖို့ တားမြစ်လို့ မောင်မောင်ကြွယ်တောင်ပိုင်းကို တောမခိုဖြစ်လိုက်ပါ။
နောက်တော့ အေးကျော်က မောင်မောင်ကြွယ်ကို အ.က.သ ရဲ့ ကိုယ်စားလှယ်အဖြစ်ထားလိုက်တဲ့ အချိန်ကစလို့ မောင်မောင်ကြွယ် အ.က.သ အုပ်စုထဲရောက်သွားခဲ့ပါတယ်။ နောက်တော့ သူ့အိမ်ကို ထောက်လှမ်းရေးဝင်လို့ အန်တီဒေါ်ချိုချိုကျော်ငြိမ်းတို့ အိမ်မှာသူနေပါတယ်။ သူက ဘယ်မှနေနေ မိသားစု စိတ်ဓါတ်ရှိသူဖြစ်လို့ အန်တီချိုက သူ့ကိုချစ်ပါတယ်။ သူက အန်တီချို့သားတွေနဲ့လည်း တဲ့အောင်ပေါင်းတတ်သူပါ။ တစ်ခါက အန်တီချိုရဲ့ ကားဂိုထောင်ထဲကနေ ဦးကျော်ငြိမ်းရဲ့ နေ့စဉ်မှတ်တမ်းကို သူက ပြပါတယ်။ ကျမက “ဟဲ့….အဲဒါအဖိုးတန်တယ်”လို့ ပြောလိုက်တော့ သူက အဲဒါ ကျွန်တော်ယူထားတာတဲ့။ ဒီသမိုင်းတွေက သူ့အတွက် အဖိုးတန်တယ်ဆိုပဲ။ အဲဒီအချိန်တုန်းက ကျမကို ကိုအောင်ဒင်က ဗကသမှာ BYရဲ့ ကိုယ်စားလှယ်အဖြစ်ထားတော့ ကျမလည်း အန်တီချိုတို့ခြံထဲကို မကြာမကြာလာတတ်ပါတယ်။ အန်တီချို့ခြံထဲမှာ ကျမသူငယ်ချင်းစောစန္ဒာလည်း နေပါတယ်။ ရွှေဘုန်းလူ(ခေါ်) ချစ်ညီညီလည်း ရှိနေပါတယ်။ ချစ်ညီညီရဲ့ စာတွေ ကဗျာတွေကို အချီးကျူးဆုံးသူက မောင်မောင်ကြွယ်ပါ။
နောက်ပိုင်း သူတောခိုမယ်လို့ ဆုံးဖြတ်ပြီးချိန်မှာ ကျမမောင်လေးကိုလာခေါ်ပေမဲ့ အကြောင်းကြောင်းကြောင့် ကျမမောင် တောမခိုဖြစ်လိုက်ပါ။
ကျမမောင်လေးလည်း ကျမကို မလိုက်ရကောင်းလားလို့ တော်တော် ဒေါသထွက်နေခဲ့ပါတယ်။ ကျမမောင်လေး တော်တော်စိတ်ဆိုးပြီး ကျမကို စကားမပြောတာ တော်တော်ကြာပါတယ်။ မောင်မောင်ကြွယ်နဲ့ ကျမမောင်လေးဟာ စိတ်ချင်းဆက်သွယ်နေခဲ့တယ်ထင်ပါတယ်။ မောင်မောင်ကြွယ်တို့ ကိစ္စတွေ ပြည်တွင်းမှာ မသိချင်ကတည်းက ကျမမောင်က သူ့အိပ်မက် မက်တဲ့ အကြောင်းပြောပြီး တိုက်ပွဲမှာ ကျသွားပြီထင်တယ်လို့ သူပြောပြတာ ကျမ မှတ်မိနေပါတယ်။ ကျမကတော့ စိတ်ထဲမှာ စွဲလမ်းနေလို့ပါလို့ ပြောလိုက်ပါသေးတယ်။
အဲဒီ့နောက် သိပ်မကြာခင်မှာပဲ လွတ်မြောက်လာသူတွေက သတင်းစာ ရှင်းလင်းပွဲလုပ်ကြပါတယ်။ သတင်းစာရှင်းလင်းပွဲလုပ်တာကို ကျမ မသိလိုက်ပါဘူး။ အဲဒီအချိန်က သတင်းစာရှင်းလင်းပွဲတွေလည်း မကြာမကြာ လုပ်လေ့ရှိတော့ ကျမစိတ်မ၀င်စားပါဘူး။ နောက်တစ်နေ့မနက်စောစောမှာ ကျမတို့ မောင်နုမတွေအားတဲ့ အချိန် ခဏလောက် လာဖို့ မောင်မောင်ကြွယ်ရဲ့ မိဘတွေက ခေါ်ပါတယ်။ ဒါကြောင့် ကျမတို့ မောင်နုမ ချက်ချင်းပဲသွားလိုက်ပါတယ်။ ကျမတို့ရောက်တော့ မောင်မောင်ကြွယ့်မိဘတွေက သတင်းစာရှင်းလင်းပွဲပါတဲ့ သတင်းစာကို ပေးဖတ်ပါတယ်။ အဲဒီ့သတင်းဖတ်နေချိန်မှာ ကျမတို့ မောင်နုမ အရမ်း အံအားသင့်မိကြပါတယ်။ မောင်မောင်ကြွယ်မိဘတွေကတော့ ကျမကို မောင်မောင်ကြွယ်ဟာထောက်လှမ်းရေးမဟုတ်ဘူးဆိုတာကို ရှင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ကျမ ရှင်းမပေးနိုင်ခဲ့ပါဘူး။ မောင်မောင်ကြွယ်ဟာ ထောက်လှမ်းရေးမဟုတ်ဘူးဆိုတာကို သူနဲ့ပတ်သက်ခဲ့သူတွေအားလုံးက သိနေခဲ့ပါတယ်။ ကျမတို့မိသားစုနဲ့ ဒီလောက်ရင်းနှီးနေတဲ့ ကလေးဟာ ဘယ်လိုမှ ထောက်လှမ်းရေးမဖြစ်နိုင်ပါဘူး။ သူတောခိုသွားခဲ့စဉ်က အသက် ၁၆ နှစ် ၀န်းကျင်ပဲ ရှိပါသေးတယ်။
မောင်မောင်ကြွယ် ကွယ်လွန်တယ်လို့ သိရပြီးတဲ့နောက် ၄ လအကြာမှာပဲ မောင်မောင်ကြွယ်ရဲ့ကြီးတော် နုလုံးရောဂါနဲ့ ကွယ်လွန်ပါတယ်။ မဆုံးခင် ဆေးရုံမှာ ကျမတို့မောင်နုမနဲ့ ကျမ မေမေသွားကြည့်ကြပါတယ်။ လက်မှာလည်း ပိုက်တန်းလန်း၊ အောင်စီဂျင်ဘူးနဲ့ နေရပေမဲ့ ကျမမောင်ရဲ့ လက်တစ်ဖက်ကိုကိုင်ပြီး အဖြစ်မှန်ကို ရှင်းပေးဖို့ အထပ်ထပ်မှာ ရှာပါတယ်။
မောင်မောင်ကြွယ့်ကြီးတော်ဆုံးတော့ သူ့ရဲ့အသုဘကို ကျမတို့ မောင်နုမ သွားရောက်ပို့ဆောင်ခဲ့ပါတယ်။ ကြံတောသုဿန်ကအပြန် ကျမမောင်လေးက ကျမကို “မရေ….မောင်လေးတို့မှာ အပြစ်ရှိသလို မခံစားရဘူးလား” လို့ မေးတော့ ကျမက “အဖြစ်အပျက်တွေလည်းသေချာမသိဘူး။ ဘယ်သူ့ကို ရှင်းပြရမလဲဆိုတာလည်း မသိဘူး။” လို့ ပြန်ပြောခဲ့မိတာ ကျမ မှတ်မိနေပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် မောင်မောင်ကြွယ်ဟာ ကျမတို့ မောင်နုမတွေ အမြဲတမ်းသတိရနေရတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ကျမဖေဖေရဲ့ တပည့်ကျော်တွေထဲက တစ်ယောက်လည်းဖြစ်ပြီး တစ်ခါတစ်ရံ ဖာသိဖာသာနေတတ်တဲ့ ကျမညီမလေးတောင် မောင်မောင်ကြွယ်(ကြွက်)ကို သတိရနေ တတ်ပါတယ်။ သတိရလောက်အောင်လည်း ကျမတို့ မိသားစုနဲ့ နီးနီးကပ်ကပ် ရှိနေခဲ့တာကိုး။
ခင်ငြိမ်းသစ်။
  • 32 shares
    • အိုးဝေအောင် အိုးဘားမား ဓါတ်ပုံ တင်ပေးနိုင်ရင် ကောင်းမယ် မကလျာ။
    • ဘရာဇီး ငှက်ရိုး ကိုမြအေးက အသက်နဲ့ရင်းပြီး လောင်းကြေးထပ်လိုက်တဲ့ ကိုမောင်မောင်ကြွယ်ပေါ့...
    • Khin Nyein Thit အမမှာ ဓါတ်ပုံမရှိတော့ဘူး
    • Khin Nyein Thit အရင်ကဖေဖေ့ဆီမှာ ပတ်စပို့ပုံတွေရှိခဲ့ဘူးတယ်။ နောက်တော့ မရှိတော့ဘူး။ သူသေတယ်လို့ သိတော့မှ
    • Khin Nyein Thit အမတို့ ပြန်ရှိကြတော့ မတွေ့တော့ဘူး
    • Khin Nyein Thit ဟုတ်တယ် ကိုဘရာဇီးရေ.....အဲဒီမောင်မောင်ကြွယ်ပေါ့။ ကျမမောင်လေးရဲ့ အချစ်ဆုံးညီလေ။ ကျမရဲ့သစ္စာရှိရဲဘော်ရဲဘက်လေ
    • ဘရာဇီး ငှက်ရိုး အမရေ... ကိုဘိုဘိုပြောသလို ဘယ်တော့မှ မကျက်တော့တဲ့ အနာပါ
      ဖတ်ရတိုင်း ဖတ်ရတိုင်း ခံစားပြီးရင်းခံစားရတယ် စိတ်မကောင်းဖြစ်မိတယ် ရက်ရှည်လများ နှိပ်စက်ပြီးမှ သတ်တာဆိုတော့ . . .
    • Ko Lin Wai Aung မောင်မောင်ကြွယ်ထောက်လှမ်းရေးမဟုတ်ဘူးဆိုတာအချက်အလက်တွေအား
      လုံးကသက်သေပြခဲ့ပါပြီ။
    • Htun Htun Oo မိုးကလျှာရေ၊ ငါနဲ့ရော တွေ့ဖူးသလား၊ စဉ်းစားလို့မရတာတော့ သေချာတယ်
    • မိုး စဲ သူ့ကို သတ်ခါနီးမှာ မင်းတို့ ဘယ်လက်နက်နဲ့ သတ်မလဲ ရတယ် လို့ ပြုံးပြီးပြောခဲ့တယ်..
    • Khin Nyein Thit ကိုထွန်းထွန်းဦးရေ...တွေ့ဘူးတယ်။ တိရိစ္ဆာန်ရုံမှာ အစည်းအဝေးလုပ်တုန်းက သူပါတယ်။ သူက အ.က.သအဖွဲ့ထဲဝင်မပါပဲ BY မှာပဲနေနေတာ
    • Khin Nyein Thit မောင်မောင်ကြွယ်ပုံစံက ........အသားညိုတယ်။ လူကောင်က ပိန်ပိန်သေးသေး၊ အရပ်မရှည်ဘူး။ ဆံပင်ကောက်တယ်။ မျက်လုံးပြူးပြူး
    • Htun Htun Oo ကန်တော်လေး အုပ်စုတွေနဲ့ပေါ့ (စိတ်မကောင်းစရာပဲ .. တို့ အဖွဲ့က တယောက်) ဆိုတော့ တို့မှာ ပိုပြီးတော့ တာဝန်ရှိလာပြီ၊ ကျေးဇူးပါ မိုးကလျှာ .. နှစ်တွေက ၂၄ နှစ် ကျော်ခဲ့တော့ တချို့ အသေးစိတ်တွေ ငါ မမှတ်မိတော့ဘူး၊ ရေးတေးတေးလို ဖြစ်နေခဲ့တာ ...
    • Khin Nyein Thit ကိုထွန်းထွန်းဦးရေ....ကလျာက တွေဝေနေလို့ အခုမှရေးဖြစ်တာပါ။ တကယ်က မောင်ရစ်ပြောသလိုပဲ ကလျာတို့က ဖော်ထုတ်ရမှာလေ။ ကလျာက မဲဆောက်မှာနေရတာဆိုတော့ ကြောက်တဲ့ စိတ်တ၀က်နဲ့ တွေဝေနေခဲ့တာ။ တကယ်က သူ့သတင်းကြောင့် သူ့မိသားစုတွေကြေကွဲကြရတာ၊ သူ့မိဘတွေရဲ့ မျက်ရည်တွေ၊ ဆို့နစ်မှုတွေကို ကလျာတွေ့ခဲ့ဘူးရဲ့သားနဲ့လေ။
    • Htun Htun Oo ဟုတ်တယ် .. ငါ ကိုယ်တိုင်လည်း တွေဝေခဲ့ဘူးပါတယ်၊ မဲဆောက်မှာနေတုန်းက တချို့အရာတွေ (တော်လှန်ရေး အကျိုးစီးပွားအတွက် ရှေးရှုပြီး ရန်သူဝမ်းသာမှာစိုးတာလည်းပါတယ်) ဖွင့်ဟမရဲခဲ့တာတွေလည်း ပါတယ်၊ ကိုမောင်မောင်ကျော် ပြန်ဝင်သွားပြီး အဲဒီနေ့ညနေမှာ ငါနဲ့ ဖိုးချွန်နဲ့ ကို (....) တို့ လာခေါ်သွားတယ်၊ အသေးစိတ်ကို နောက်မှ ပြောမယ်ဟာ။ ကျေးဇူးပါ
    • Htun Htun Oo ပြောရရင်တော့ BYLF မရောက်ခင် အ.က.သ အုပ်စုတွေနဲ့ လှုပ်ရှားခဲ့တာ၊ ရွှေတိဂုံဘုရား မှာ အောင်မြေနင်းခဲ့တာ၊ အာဇာနည်နေ့က လွမ်းသူ့ပန်းခွေချခဲ့တာ၊ ဗိုလ်ချုပ်ပန်းခြံမှာ အစည်းဝေး လုပ်ခဲ့တာ (တို့ အစည်းအဝေး လုပ်တယ်ဆိုတာ မရိပ်မိအောင် တို့လူတွေတချို့က Break Dance ကပြီး လူတွေကို အာရုံလွှဲနေချိန် ငါတို့တွေ က အစည်းဝေး လုပ်ခဲ့တာတွေ၊ ကန်တော်လေးမှာ အစည်းဝေး၊ တိရိစ္ဆာန်ရုံ တွေမှာ ... အစရှိသဖြင့် ဖြစ်စဉ်တွေပဲ မှတ်မိခဲ့တာ၊ အခုလို ပြောပြပေးတာ ကျေးဇူးပါ။
    • Soe San I also remember him ...

ကျွန်တော် မှတ်မိသမျှ ကိုမောင်မောင်ကြွယ် (အပိုင်း-၂)

Sunday, 29 January 2012

ယခင်အပိုင်း(၁)မှ အဆက် …

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် စတင် အချုပ်ခံရသော
၁၉၈၉ ခုနှစ် ဇူလိုင်လ မတိုင်ခင်မှာ ကျနော်တို့ အ.က.သ BESU
ရန်ကုန်တိုင်းရုံးအဖွဲ့ဟာ ကိုမောင်မောင်ကြွယ်၏ မွေးစားမိခင်
ဒေါ်ချိုချိုကျော်ငြိမ်း၏ နေအိမ်ဖြစ်သော ဗဟန်းမြို့နယ် အုတ်လမ်းမှ
ယခု ဗိုလ်ဆွန်ပက်လမ်း (ယခင် မောင်ထော်လေးလမ်း- အလယ်ဘလောက်
-ဂေါဇာ) ရှိ ဒီမိုကရက်တစ် တက္ကသိုလ်ဘွဲ့ရနှင့် ကျောင်းသားဟောင်းများ
ပါတီသို့ ပြောင်းရွှေ့ အခြေစိုက်ခဲ့ပါတယ်၊ အဲဒီကာလနောက်ပိုင်း
မောင်မောင်ကြွယ်နှင့် ကျနော် သိပ်မဆုံဖြစ်တော့ပါ၊ တနေ့တွင်
အ.က.သ လုံ/စည်း အဖွဲ့ဝင် တစ်ဦးဖြစ်သော ညိုမောင်ဦးထံ
မေးကြည့်သောအခါ၊ မောင်မောင်ကြွယ်တစ်ယောက် နယ်စပ်သို့
ထွက်ခွာရန် ဆုံးဖြတ်ပြီး ခြေရာဖျောက်နေကြောင်း သိရပါတယ်။


(ဓါတ်ပုံ- ကိုမောင်မောင်ကြွယ်အပါအ၀င် တောခိုကျောင်းသား
များအား သူလျှိုအဖြစ် မတရားစွပ်စွဲပြီး ခေါင်းဖြတ် သတ်ခဲ့သော
လိုင်စင်ဒေသ၊ အာဆံကုန်းခေါ် လူသတ်ကုန်း။)

အခြေခံပညာ ကျောင်းသားများ သမဂ္ဂ (အ.က.သ)ရဲ့ ခေါင်းဆောင်
များဖြစ်သော ကိုသီဟ၊ (ကို)မင်းဇင်နှင့် ကိုနေလင်းတို့ဆိုတာ ကျနော်
တို့ အားလုံးနဲ့ အသက်အရွယ် မတိမ်းမယိမ်းတွေပါ၊ ဒါကြောင့် တစ်ဦးနဲ့
တစ်ဦး ထိမ်းထိမ်း သိမ်းသိမ်း လုပ်ဖို့ အင်မတန် ခက်ပါတယ်၊ မကြာခဏ
ဆိုသလို အချိန်အနည်းငယ်အတွင်း ပေတရာပေါ် ဆန္ဒပြ အော်ဟစ်
လှုပ်ရှားမှုတွေမှာ ကျောင်းသားများအပြင် ကျောင်းသူများပါ ပါဝင်လေ့
ရှိပါတယ်၊ အရေးအကြောင်းရှိလို့ ပြေးရလွှားရတဲ့ အခါပေါင်းများစွာ
ရှိခဲ့ဖူးပါတယ်၊ အဲလို အခါမျိုးတွေမှာ ကိုမောင်မောင်ကြွယ်ဟာ ပြေးဖို့
လွှားဖို့ အခက်အခဲ ဖြစ်နေတဲ့ ကျောင်းသူတွေကို ထားရစ်ခဲ့တာမျိုး
လုံးဝ မရှိပါ၊ ဒါကြောင့် အစည်းအဝေးတချို့မှာ ပျောက်ကြားသပိတ်
များအတွင်း ကျောင်းသူတွေ မပါဝင်ဖို့ ကိုမောင်မောင်ကြွယ်နှင့်
ကျနော် မကြာခဏဆိုသလို ငြင်းခုန် စကားများခဲ့ရ ဖူးပါတယ်၊ သြော်
… အခုတော့လည်း ကျနော်တို့ အ.က.သ အပေါင်းရဲ့ သူငယ်ချင်း
ဟောင်း … သူငယ်ချင်းကောင်း ကိုမောင်မောင်ကြွယ်တစ်ယောက်
မြန်မာပြည် မြောက်ဖျားတစ်နေရာမှာ ကြွေလွှင့်ခဲ့ပါပြီ …. ။

ဒီလိုနဲ့ ၁၉၉၀ ခုနှစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဂန္ဒီခန်းမ
ကြေညာစာတမ်းအပြီးမှာတော့ ယင်းကြေညာစာတမ်းကို အ.က.သ
BESU က ထောက်ခံလိုက်ပါတယ်၊ ၁၉၉၀ -၉၁ ခုနှစ်တွေမှာ
မြန်မာနိုင်ငံတလွှားက အ.က.သ အဖွဲ့ဝင် ကျောင်းသားများဟာ
စစ်အစိုးရ စစ်ကြောရေးစခန်းများနှင့် အကျဉ်းထောင်များဆီ ကျော်
ဖြတ်ရပါတော့တယ်၊ ၁၉၉၁- ၉၂ ခုနှစ်မှာ ကျောင်းသားလှုပ်ရှားမှုအချို့
ပြန်လည်ပြီး ခေါင်းထောင်လာတယ်လို့ ပြောလို့ရပါတယ် …

နိုဘယ်ဆု၊ 10-D၊ ဘိုးကလေးနှင့် ဦးစောမောင် …..

-၁၉၉၁ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ငြိမ်းချမ်းရေးဆု
ချီးမြှင့်ခံရမှုနဲ့ စပ်လျဉ်းပြီး ရန်ကုန် တက္ကသိုလ်ပင်မမှာ ကျောင်းသား
လှုပ်ရှားမှု ဖြစ်ပွားခဲ့ပါတယ်၊ ရန်ကုန် တနေရာတည်းမှာပဲ ဖြစ်ပွား
ခဲ့တဲ့အတွက် လူသိနည်းပါ ပါတယ်၊ တန်းဒီ (10-D) ခေါ် ဒီဇင်ဘာလ
၁၀ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ် ပင်မ၊ စက်မှုတက္ကသိုလ် R.I.T
တို့မှာ ဖြစ်ပွားခဲ့ပြီး ကျောင်းသား ကျောင်းသူ (၄၀၀) နီးပါး အဖမ်းခံ
ခဲ့ရပါတယ် …

-၁၉၉၁ ခုနှစ် အောက်တိုဘာလ (၄)ရက်ကနေ ဒီဇင်ဘာလ (၁၈)
ရက်နေ့အကြား မြစ်ဝကျွန်းပေါ် ဧရာဝတီတိုင်း၊ ဘိုးကလေးမြို့နယ်မှာ
မုန်တိုင်းစစ်ဆင်ရေး အမည်ဖြင့် မြစ်ဝကျွန်းပေါ် ဒေသကို ထိုးဖောက်
လှုပ်ရှားလာတဲ့ KNU လက်နက်ကိုင်တပ်ဖွဲ့နှင့် စစ်အစိုးရ
အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ် ….

အထက်က `နိုဘယ်ဆု၊ 10-D၊ ဘိုးကလေးနှင့် ဦးစောမောင်´
ဆိုတဲ့ခေါင်းစဉ်က ကျနော် ပေးတဲ့ ခေါင်းစဉ် မဟုတ်ပါဘူး၊ အဲဒီအချိန်
က နိုင်ငံရေးနဲ့ ပက်သက်ပြီး အသက်အရွယ်အရ သုံးသပ်နိုင်စွမ်း
လည်း အဲဒီလောက် မရှိခဲ့ဘူးလို့ ရိုးရိုးသားသား ၀န်ခံပါရစေ၊
ဒီခေါင်းစဉ်ကို ဘာကြောင့် ပေးခဲ့ရသလဲဆိုတာ နောက်ပိုင်းမှာ
ကျနော် ရှင်းပြပါ့မယ် ….

၁၉၉၁ ခုနှစ် ရန်ကုန်တက္ကသိုလ် ဒီဇင်ဘာ အုံကြွမှုနောက်ပိုင်း
ကျောင်းသားငယ် လှုပ်ရှားမှု အတော်အသင့် ပြန်လည် အသက်ဝင်
လာပါတယ်၊ ၁၉၉၀- ၉၁ ခုနှစ်များအတွင်း အထိမ်းသိမ်းခံရတဲ့
ကျနော်တို့ အ.က.သ BESU ကျောင်းသားတွေထဲက အတော်များများ
လည်း ပြန်လည် လွတ်မြောက် လာကြပါတယ်၊ အဲဒီ ၁၉၉၁- ၉၂ ခုနှစ်
မှာ ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံးဒေသဖြစ်တဲ့ တောင်ဥက္ကလာပ မြို့နယ်
နဲ့ သင်္ဃန်းကျွန်းမြို့နယ် အကြားမှာ (၁၆)ကွေ့ဖက်မှာ ကျောင်းသား
အရေအတွက် ရာဂဏန်းရှိတဲ့ ကျူရှင်တွေ ရှိပါတယ်၊ ကျူရှင်ဆရာတွေ
ဖြစ်တဲ့ ဓါတုဗေဒ ဦးညီညီ၊ ရူပဗေဒဆရာ ဦးဥာဏ်လွင်၊ သင်္ချာဆရာ
လက်ပြတ် ဦးတင်ရွှေ အစရှိတဲ့ ကျူရှင်တွေက တစ်ခုနဲ့ တစ်ခု နီးပါတယ်၊
ကျူရှင်ချိန် (၂)နာရီ ပြီးတာနဲ့ နောက်ထပ် ကျူရှင်တစ်ခုဆီ ပြေးလွှား
နေရတဲ့ ဆယ်တန်းကျောင်းသား အရေအတွက်ဟာ ထောင်ဂဏန်း
ပတ်ဝန်းကျင် ရှိပါတယ်၊ အဲဒီ ကျောင်းသားတွေ အားလုံးနီးပါး ၁၉၈၈
ခုနှစ်၊ ရှစ်လေးလုံး တော်လှန်ရေးအတွင်းမှာ အနည်းနဲ့ အများ ဆိုသလို
ဆန္ဒပြခဲ့ဖူးသူတွေပါ ...။

၉ တန်း စာမေးပွဲကြီး ပြီးကာစ သင်္ကြန်ကာလ မတိုင်ခင်ကတည်းက
၁၀ တန်းအတွက် ကျူရှင်တွေမှာ လူ အပြည့်ပါ၊ အဲဒီလို စည်ကား
နေတဲ့ ကျူရှင်အများစုရှိရာ နေရာတွေမှာ အစိုးရ ဆန့်ကျင်ရေး
စာရွက်စာတမ်း ဖြန့်ဝေရတာ အင်မတန် လွယ်ကူပါတယ်၊ စစ်အစိုးရ
ဆန့်ကျင်ရေး၊ လက်နက်ကိုင် တော်လှန်ရေး၊ သပိတ်စုံ သူပုန်ထ၊
အစရှိတဲ့ စာရွက်စာတမ်းကို ဖြန့်ဝေခဲ့တဲ့သူက စပ်စိန်မင်းလို့ ခေါ်ပါ
တယ်၊ (စပ်စိန်မင်းဟာ ကိုမိုးသီးဇွန်ရဲ့ တူတော်စပ်ပါတယ်)၊ လက်နက်ကိုင်
တော်လှန်ရေးလုပ်ဖို့၊ တောခိုဖို့ လက်ကမ်းစာစောင် ဖြန့်ဝေ စည်းရုံးမှု
ဟာ တော်တော်လေး အောင်မြင်ခဲ့တယ်လို့ ပြောလို့ရပါတယ်၊ ၁၉၉၂ ခုနှစ်
ဧပြီလမှာ စစ်အစိုးရ အာဏာသိမ်း စစ်ကောင်စီအတွင်း ဗိုလ်ချုပ်မှူးကြီး
စောမောင်ကို ဖယ်ရှားပြီး ဗိုလ်ချုပ်ကြီး သန်းရွှေ ဦးဆောင်လာပါတယ်၊
ဒါကြောင့် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲနောက်ပိုင်း အပြင်းအထန် ဖိနှိပ်ခြင်း
ခံရတဲ့ ကျောင်းသားငယ် လှုပ်ရှားမှု ခြေလှမ်း ပြန်သွက်လာပါတယ်။

စပ်စိန်မင်း ဦးဆောင် စည်းရုံးတဲ့ လက်နက်ကိုင်ဖို့ တောခိုမယ့်
လှုပ်ရှားမှု တော်တော်လေး အားကောင်းလာသော ၁၉၉၂ ခုနှစ်
ဇွန်လမှာ ကျနော်တို့ဆီ သတင်းဆိုးတစ်ခု ရောက်လာပါတယ်၊
၁၉၉၂ ခုနှစ် ဇွန်လ (၄)ရက်နေ့ထုတ် အစိုးရ သတင်းစာတွေ ဖော်ပြ
ချက်အရ ကိုမောင်မောင်ကြွယ်တစ်ယောက် ABSDF မြောက်ပိုင်းမှာ
အချင်းချင်း သူလျှိုအဖြစ် စွပ်စွဲ သတ်ဖြတ်မှုကြောင့် ကွယ်လွန်သွား
ကြောင်း သိရပါတယ်၊ ဒီသတင်းဟာ ချက်ချင်း တောမီးပမာ ပြန့်နှံ
သွားပြီး စစ်အစိုးရ ဆန့်ကျင်ရေး ကျောင်းသားလှုပ်ရှားမှုကို အား
လျှော့သွားစေပါတယ်၊ အဲဒီကာလနောက်ပိုင်း နိုင်ငံရေးကို စိတ်ဝင်
စားသော ကျောင်းသားများအကြား ABSDF အမည်ဟာ မထင်ရှား
တော့ပါ၊ စပ်စိန်မင်း အပါအ၀င် ကျောင်းသား အနည်းငယ်သာ နယ်စပ်
ကို ထွက်ခွာသွားခဲ့ကြပါတယ်။
….. …. ….

၁၉၉၅ ခုနှစ်မှာ ရန်ကုန် ပန်းဘဲတန်းမြို့နယ်က လျှပ်စစ်ပစ္စည်း ရောင်း
ဝယ်တဲ့ သူငယ်ချင်းတစ်ဦးကြောင့် ဗိုလ်တထောင်မြို့နယ် အခြေစိုက်
ထောက်လှမ်းရေး အမှတ်(၁၃) ၀န်းထဲကို ရောက်ရှိခဲ့ပါတယ်၊ အဲဒီခေတ်
က ရန်ကုန်မြို့ရဲ့ နေရာတိုင်းမှာ လျှပ်စစ်မီး မှန်မှန် မရပါ၊ မြို့သစ်တွေ
မှာ ရှိတဲ့ စက်မှုဇုန်တွေမှာလည်း လျှပ်စစ်မီးက မမှန်ပါ၊ မီးလာရင်လည်း
လိုချင်တဲ့ ဓါတ်အားက မပြည့်ပါ၊ ဒါကြောင့် စက်မှု လုပ်ငန်းရှင် အများစု
ဟာ လျှပ်စစ်မီး ပုံမှန်ရပြီး ဓါတ်အားပြည့်ရရှိနိုင်မယ့် ထောက်လှမ်းရေးဝန်း
တွေထဲ နေရာ သွားဌားရပါတယ်၊ လုပ်ငန်းပိုင်ရှင် ကျနော့်သူငယ်ချင်းမှာ
အသိမိတ်ဆွေ ထောက်လှမ်းရေး အရာရှိတစ်ဦး ရှိပါတယ်၊ သူ့အမည်က
ကိုမြတ်စိုး လား … ကိုမြတ်နိုင် လား … သူ့ရဲ့ နောက်ဆုံးအမည်က `စိုး´
သို့မဟုတ် `နိုင်´ ဖြစ်နိုင်ပါတယ်၊ ရှေ့အမည်က `မြတ်´ပါ၊ သူက အရက်စွဲ
နေတဲ့ ထောက်လှမ်းရေး အရာရှိတစ်ဦးပါ၊ ကျနော့်သူငယ်ချင်းကို အဲဒီ
အရာရှိက ညနေတိုင်း စားသောက်ဆိုင်တစ်ခုခုမှာ အရက် လိုက်တိုက်ခိုင်း
ပါတယ်၊ ကျနော့်သူငယ်ချင်းက အရက်ဆိုင်မှာ အရက်လိုက်တိုက်ရတဲ့
ဒုက္ခအတွက် ကျနော့်ကိုယ် အကူအညီ တောင်းပါတယ်၊ ဒါနဲ့ပဲ အဲဒီ
ထောက်လှမ်းရေး အရာရှိနဲ့ တစ်ပတ်မှာ သုံး … လေးရက်လောက် အရက်
ဆိုင် လိုက်ထိုင် ပေးရပါတယ်၊ သူ အရက်မှူးလာတဲ့အခါ သူ့ခံစားချက်
တွေ နားထောင်ရင်ကနေ ကိုမောင်မောင်ကြွယ်တို့ မြောက်ပိုင်းဇာတ်လမ်း
သူ ပြောပြသမျှ သိခဲ့ရပုံက ….

(မှတ်ချက်။ ။ ယခုအခါ အချိန်ကာလအားဖြင့် အတန်ကြာခဲ့ပြီ ဖြစ်တဲ့
အတွက် အဲဒီအချိန်က သူ ပြောခဲ့သမျှ အလုံးစုံကို စာရေးသူ ကျနော်
အနေဖြင့် မမှတ်မိတော့ပါ၊ မှတ်မိသလောက်ကိုပဲ တိတိကျကျ
တင်ပြပါရစေ … )

အဲဒီအရာရှိက ကိုမောင်မောင်ကြွယ်တို့ သတ်ဖြတ်ခံရတဲ့ ၁၉၉၁- ၉၂ ခုနှစ်
ကာလက နယ်စပ်ဒေသ တစ်ဖက်နိုင်ငံဖြစ်တဲ့ တရုတ်ပြည်ထဲကို ကုန်သည်
ပုံစံ သွားရောက်ပြီး သတင်းယူရတဲ့ NIB ရုံးက ဗိုလ်ကြီးအဆင့် အရာရှိတစ်ဦး
ပါ၊ ၀င်ငွေ ကောင်းတဲ့ သူ့မှာ ဒုတိယ မယားအဖြစ် နယ်စပ်ဒေသက တိုင်းရင်း
သူလေး တစ်ဦးရှိကြောင်း ပြောပြပါတယ်၊ ကိုမောင်မောင်ကြွယ် အပါအ၀င်
ကျောင်းသားအုပ်စုလိုက် အချင်းချင်း စွပ်စွဲပြီး သတ်ဖြတ်ခံရတဲ့ သတင်း
ကို ကြိုတင် မရရှိသောကြောင့် သူ့ရာထူးဖြစ်တဲ့ ဗိုလ်ကြီးအဆင့်ကနေ
ဗိုလ်အဆင့်ကို တဆင့်အလျှော့ခံရပြီး ရန်ကုန်ကို အရွှေ့ခံရကြောင်း သူက
ပြောပြပါတယ်၊ နယ်မှာ ကျန်ခဲ့တဲ့ သူ့ တိတ်တိတ်ပုန်း ဒုတိယ မယား
လည်း ကုန်သည်တစ်ဦးဆီမှာ မယားငယ်အဖြစ် ပြောင်းသွားပြီး သူလည်း
အဲဒီစိတ်နဲ့ အသဲကွဲအရက်သမား ဖြစ်လာကြောင်း ပြောပြပါတယ် …

ကျနော် သိချင်တာတွေကို သူ မူးလာတိုင်း အခြေအနေကြည့်ပြီး
ထပ်ခါတလဲလဲ မေးခဲ့ပါတယ်၊ သူ့အဖြေက တစ်ရက်နဲ့ တစ်ရက်၊ တစ်ခါနဲ့
တစ်ခါ သိပ်တော့ မပြောင်းလဲပါ၊ `အကိုတို့ ထောက်လှမ်းရေးတွေ၊ ABSDF
မြောက်ပိုင်းမှာ အဖမ်းခံရတယ်ဆို ...´ လို့ ကျနော် မေးလိုက်တော့ …

`ညီလေး၊ အဲဒီအကြောင်း မပြောပါနဲ့ကွာ၊ အသဲနာလို့ပါ၊ ရန်သူ့
စခန်းနဲ့ အနီးဆုံးရွာမှာ MI က မွေးထားတဲ့ သတင်းပေးက ငါတို့ကို
အဲဒီဖြစ်စဉ် မဖြစ်ခင် (၅)လလောက်ကတည်းက ကြို သတင်းပေး
တယ်၊ ရန်သူ့စခန်းမှာ ရုတ်ရုတ်သဲသဲ ဖြစ်နေတယ်၊ အချင်းချင်း ဖမ်းလား
ဆီးလာ ဖြစ်နေတယ်လို့ ပြောတယ်၊ ငါတို့က အဲဒီအချိန်က `ဂဲ(ဂဲလုံး)´
(ကျောက်စိမ်း မှောင်ခို) သယ်ဖို့ပဲ စိတ်ဝင်စားတယ်၊ ထောက်လှမ်းရေး
ဆိုရင် အမေးအမြန်း လုပ်လို့ မရဘူး၊ ငါတို့ကို လူတိုင်းက ကြောက်
နေရတာ၊ ရန်သူ့စခန်းထဲ ထိုးဖောက်ဝင်ရောက်ပြီး လှုပ်ရှားတယ်
ဆိုတာ ဂျိမ်းစ်ဘွန်း ရုပ်ရှင်တွေ လျှောက်ကြည့်ပြီး သူတို့ဘာသာ
သူတို့ တောင်ထင် မြောက်ထင် လျှောက်ထင်နေတာ၊ သူတို့
အုပ်စုလိုက် ပြေးလာတော့ လမ်းမှာ တရုတ်ရဲနဲ့ ပက်ပင်းတိုးပြီး
တရုတ်ရဲ အဲဒီသူတွေကို ဒို့ဆီအပ်မှ ဒို့လည်း သိရတာ၊ အဲဒီလောက်
ဖြစ်နေမှန်း ငါတို့ရော MI ပါ ထင်တောင် မထင်ထားဘူး၊ ဒါနဲ့
အထက်က ရန်သူ့သတင်း ဘာကြောင့် ကြိုမရသလဲ ထုချေလွှာ
တင်ခိုင်းတော့၊ ဂျူတီကျ(တာဝန်ကျ)တဲ့သူက တစ်ရစ်လျှော့၊
စခန်းထိုင်က နယ်ပြောင်းရတယ် ညီလေး …

ဒို့အဘ(သူတို့စခန်းရဲ့ အုပ်ချုပ်သူ တပ်ရင်းမှူးအဆင့်) တွေ ဟိုးအရင်
၈၈ ခုနှစ် မတိုင်ခင် ပြည်ကြီးဖက် နယ်စပ်မြို့တွေထဲ ၀င်ပြီး ရုံးဖွင့်မိလို့
တရုတ်ထောက်လှမ်းရေးက ဖမ်းတာ နှစ်ခါလောက် ခံရဖူးတယ်၊ ဗကပ
စစ်ရေးသတင်းကို သိချင်လို့ လိုက်တာ၊ နောက်တော့ တရုတ်နဲ့ ညှိုပြီး
မူးယစ်ဆေးဝါး ဖြတ်ကျော်မှု တားဆီးရေးလို့ အကြောင်းပြပြီး သူတို့
လည်း ငါတို့ဖက်က နယ်စပ်တွေမှာ ကုန်သည်ပုံစံ စခန်းဖွင့်၊ ငါတို့လည်း
သူတို့ဖက်က နယ်စပ်မြို့မှာ စခန်းသွားဖွင့်လို့ ရလာတယ်၊ ဒါပေမယ့်
`အတို´(သေနတ်) ကိုင်ခွင့်တောင် မရှိဘူး၊ သတင်းစု၊ သတင်းစစ်၊
သတင်းပို့ အဆင့်ပဲ ရတယ်၊ MI လည်း ရန်သူ့စခန်းထဲထိ မသွားဘူး၊
သို့ပေမယ့် ကုန်သည်ပုံစံနဲ့ တခါတလေ ရန်သူ့စခန်းထဲထိ ရောက်ဖူးတဲ့
သူတွေ ရှိတယ်၊ MI ရော ငါတို့ရော နယ်စပ်မှာ ဖွဲ့စည်းပုံ မပြည့်ဘူး၊
ဒါကြောင့် MI ဆိုရင် ခြေလျင်တို့ ခြေမြန်တို့ကနေ `တပ်အကူ
ထောက်လှမ်းရေး´ ထပ်ဖြည့် ရတယ်၊ ၉၃ ခုနှစ် ကျော်လောက်မှ
ဖွဲ့စည်းပုံက အားကောင်းလာတာ၊ ၉၁- ၉၂ တုန်းကဆို
`နိုဘယ်ဆု၊ 10-D၊ ဘိုးကလေးနှင့် ဦးစောမောင်´ ဆိုပြီး အော်ပရေရှင်း
တွေ အများကြီး၊ ရန်သူ့လည်း ကြည့်ရ … ကိုယ့်အချင်းချင်းလည်း
ကြည့်ရနဲ့ ထောက်လှမ်းရေးမှာ လူတောင် မလောက်ဘူး၊ အဲဒါနဲ့ တချို
SB ကိုင်ရမယ့် ဂွင်တွေကို MI ကို ကိုင်ခိုင်း ရတယ်၊ MI ဆိုတာ သတင်း
ပေးနဲ့ အလုပ် လုပ်တာ၊ ရန်သူ့စခန်းနဲ့ အနီးဆုံးရွာ၊ ရန်သူ့ ဂွင်ထဲက
ရန်သူ့ အမာခံရွာတွေမှာ နေရာ လိုက်ယူရတယ်၊ ရန်သူနဲ့ သမီးရည်စား
ပုံစံ ချစ်ကြိုက်နေတဲ့ ရွာထဲက မိန်းကလေးတွေကို အ၀တ်စတွေ အလကား
ပေး၊ မိတ်ကပ်တွေ အကြွေးနဲ့ လိုက်ရောင်း၊ အဲဒီဒေသကထွက်တဲ့
သီးနှံကို ဈေးပိုပေးတဲ့ ကုန်သည် လုပ်ပြီး ရန်သူ့သတင်း အနံ့ခံရတယ်၊
တခါတလေ ကုန်သည်ပုံစံ ပစ္စည်းလိုက်ရောင်းရင် ရန်သူ့စခန်းထဲ
ရောက်ဖူးတဲ့ MI တွေ ရှိပါတယ်၊ ဒါပေမယ့် နိုင်ငံခြား ရုပ်ရှင်တွေ
ထဲကလို ဘယ်သူမှ အသက် အန္တရာယ် ရှိတဲ့ ထိုးဖောက်စွန့်စားတဲ့
သူလျှိုအလုပ်မျိုး မလုပ်ဘူး၊ အထက်ကလည်း အဲဒီလောက်ထိ
ဘယ်သူ့ကိုမှ မလုပ်ခိုင်းဘူး၊ လုပ်ဖို့လည်း မလိုဘူး၊ ကုန်သည်က
ငါတို့ကို သတင်းပေးချင်နေတာ … ရန်သူ့ သတင်းကို တိတိကျကျ
ပေးနိုင်တဲ့ ကုန်သည်တွေကို ငါတို့က ခွင့်မပြုတဲ့ ကုန်ပစ္စည်း
တစ်ခေါက်လောက်ဖြစ်ဖြစ် သယ်ခွင့် ပေးလိုက်တယ်၊ ရန်သူက
ပြည်တွင်းကို ထိုးဖောက်ဖို့ အထဲကို ၀င်လာမယ် ဆိုရင်လည်း
အဲဒီ ကုန်သည်လမ်းကြောင်းကနေ ၀င်လာလေ့ရှိတယ်၊ အဲဒီတော့
MI မွေးထားတဲ့သူ ဆိုတာ အဲဒီ ကုန်သည်တို့ အထမ်းသမားတို့
ထဲမှာပဲ နေလေ့ရှိတယ်၊ စခန်းထဲအထိ အသက်စွန့်ပြီး သွားဖို့
မလိုပါဘူး ...
…..

မမူ(ဒေါ်မူမူကျော်လွင်)နှင့် ကိုလတ်တို့ထံမှ သိခဲ့ရသမျှ

၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်း မတိုင်ခင် ရက်အနည်းငယ်
အလိုမှာ မလေးရှားနိုင်ငံရောက် မြန်မာ့နိုင်ငံရေး လှုပ်ရှားသူများ
အစုအဖွဲ့ကို စတင် စုဖွဲ့ခဲ့ကြပါတယ်၊ အဲဒီ အစုအဖွဲ့အတွက်
လှုပ်ရှားရင် ABSDF မြောက်ပိုင်းမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ မမူ
(ဒေါ်မူမူကျော်လွင်)၊ ကိုလတ်တို့နှင့် ခင်မင်ရင်းနှီးခဲ့ပါတယ် ..

ကိုမောင်မောင်ကြွယ်အပါအ၀င် ခေါင်းဖြတ် အသတ်ခံရတဲ့
အခင်း ဖြစ်ပွားခဲ့ချိန် ၁၉၉၂ ခုနှစ်မှာ လိုင်စင်စခန်းတွင် မမူ မရှိပါ၊
သို့သော် ယင်းကာလ မတိုင်ခင်ကတည်း AB မြောက်ပိုင်းစခန်း
မှာ `မြို့´အစွဲ `အုပ်စု´အစွဲများ ရှိကြောင်း ပြောပြပါတယ်၊
ဘောလုံးကစားကြလို့ တစ်ဖက်နဲ့ တစ်ဖက် ငြင်းခုန်ရာကနေ
`ဘားတိုက်´(စစ်တန်းလျား) ထဲက လက်နက်ပြေးဆွဲပြီး သေနတ်
ချိန်ရွယ်တာမျိုးတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်၊ အဲလို ပြဿနာ
မျိုးတွေ ဖြစ်ပွားရင် ရဲဘော်များ၊ ခေါင်းဆောင်များ ၀င်ရောက်
ထိန်းသိမ်းဖို့ ခက်ပါတယ်၊ အမျိုးသမီး ရဲမေများက ကြားကနေ
ဖြန့်ဖြေပေးရပါတယ်၊ ဦးဆောင်သူ ခေါင်းဆောင်များနှင့် ရဲဘော်
များအကြား `ဒေသအစွဲ´ တွေရှိပါတယ်၊ ဥပမာ … ခေါင်းဆောင်
ဖြစ်သူက သူနှင့် ဒေသ မတူသော တောခိုကျောင်းသားအား
အမိန့်ပေးရာတွင် အခက်အခဲများစွာ ရှိပါတယ်၊ ကိုမောင်မောင်ကြွယ်
အပါအ၀င် အသတ်ခံရသော ကျောင်းသားများအားလုံးမှာ သူလျှို
လုံးဝ မဟုတ်ကြောင်း မ(ဒေါ်)မူမူကျာ်လွင်က ပြောပြပါတယ် …

ကိုလတ်ဟာ ABSDF မြောက်ပိုင်း အကျဉ်းစခန်းကနေ သူလျှိုအဖြစ်
စွပ်စွဲခံရတဲ့ အကျဉ်းသား ၅၀ ကျော် အကျဉ်းထောင်ကိုဖောက်ပြီး
ထွက်ပြေးတဲ့ ညမှာ စခန်းရဲ့ ကင်းတာဝန်ကျ စာရင်းမှာ ပါဝင်ခဲ့သူ
လို့ ဆိုပါတယ်၊ အကျဉ်းသားတွေ ထွက်ပြေးလွတ်မြောက်သွားတဲ့
နောက်ပိုင်း ကိုလတ်ဟာ စစ်အစိုးရထံ လက်နက်ချ ခဲ့ပါတယ်၊
ကိုလတ် ပြောစကားများအရ … ABSDF မြောက်ပိုင်းဒေသဟာ
ရာသီဥတုအရ အင်မတန် အေးပါတယ်၊ စခန်းပတ်ဝန်းကျင် ကျေးရွာ
တချို့မှာလည်း ဆေးခြောက်ရှုတဲ့ အလေ့အထ ရှိပါတယ်၊ ထောက်လှမ်း
ရေး သူလျှိုအဖြစ် စတင်ဖမ်းဆီးဖြစ်ခဲ့ခြင်းဟာ စစ်သုံး စကားပြော
ကြေးနန်း `ဆိုက်ဘာ´ စကားဝှက်တစ်ခုကြောင့်လို့ ပြောပြပါတယ်၊
အဲဒီ စကားဝှက်အမည်က `ပလပ် ရိုက်မယ်´ ဆိုတဲ့ စကားလုံးပါ၊
စခန်းပတ်ဝန်းကျင်ရှိ ကျေးရွာတချို့က ရလာတဲ့ ဆေးခြောက်ကို
ဆေးပေါ့လိပ်ထဲက ဆေးသားနဲ့ ရောသမအောင် မွှေနှောက်ပြီး
ဆေးပေါ့လိပ်ထဲ ပြန်ထည့်ရပါတယ်၊ အဲလို ဆေးသားကို အပြင်ထုတ်
ပြီး အထဲ ပြန်ထည့်တာကို ရန်ကုန်မြို့၊ မန္တလေးမြို့က တောခိုလာ
သော ကျောင်းသားများရဲ့ ဗန်းစကား အခေါ်အရ `ပလပ် ရိုက်မယ်´
လို့ ခေါ်လေ့ရှိပါတယ်၊ အဲဒီအချိန်က ကချင်ပြည်နယ် အခြေစိုက်
စစ်အစိုးရ တိုက်ခိုက်ရေး တပ်ဖွဲ့များ လှုပ်ရှားတဲ့ဒေသများတွင်
စစ်အစိုးရ တပ်ဖွဲ့များ အချင်းချင်းဆက်သွယ်လေ့ရှိသော စကားလုံး
ကလည်း `ပလပ် ရိုက်မယ်´ ဆိုတဲ့ စကားလုံး ဖြစ်နေခဲ့ပါတယ်၊
အဲဒီ သူလျှိုအဖြစ် လူအများစုကို စဖမ်းဆီးခဲ့တဲ့ အချိန်ကာကက
စခန်းအတွင်း ညနေခင်းတွေမှာ `မင်းတို့ ပလပ် ရိုက်ပြီးပြီလား´...
စသဖြင့် အချင်းချင်း စနောက်လေ့ရှိပါတယ်၊ ဒီစကားလုံးဟာ
စစ်အစိုးရ စေလွှတ်လိုက်သော သူလျှိုဖြစ်သူများဟာ မိမိတို့တပ်ဖွဲ့
ဝင်များအကြား ရောက်နေပြီလားလို့ ယူဆသူများအကြား သံသယ
ကို တိုးပွားစေခဲ့တယ်လို့ ကိုလတ်ထံမှ သိရပါတယ် ….

စစ်ကြောရေး စခန်းများအတွင်း လူမဆန်အောင် ညှင်းပမ်းနှိပ်စက်
ပြီး ဇွတ်အတင်း ၀န်ခံခိုင်းတယ်လို့ ပြောပြပါတယ်၊ သူလျှိုအဖြစ်
စွပ်စွဲခံရသူတွေဟာ သူလျှိုမဖြစ်နိုင်ကြောင်း မည်သူမျှ နူတ်မဟ ရဲပါ၊
အနိမ့်ဆုံးအဆင့် ပါးရိုက် အပြစ်ပေးခြင်းကို ခံရနိုင်သလို အခြေအနေ
မကောင်းပါက သေဒဏ်အထိ ဖြစ်သွားနိုင်တယ်လို့ ဦးဆောင်သူများ
ဖြစ်တဲ့ ကိုရော်နယ်အောင်နိုင်၊ ကိုမျိုးဝင်း၊ ကိုသံချောင်းတို့က
ကြိမ်းမောင်း ပြောဆိုကြတယ်လို့ ကိုလတ်ထံမှ သိရပါတယ် ...

မမူ(ဒေါ်မူမူကျော်လွင်)နှင့် ကိုလတ်တို့ထံမှ သိရသမျှ
ကိုမောင်မောင်ကြွယ်အား သတ်ဖြတ်ခဲ့သူမှာ ယခုအခါ သာယာဝတီ
အကျဉ်းထောင်ထဲတွင် အကျဉ်းကျခံနေရသော သံချောင်းဖြစ်ကြောင်း
ပြောပြပါတယ် …
…. ….. ….

စာရေးသူ ကျနော် ရေးသားနေသာ `ကျွန်တော် မှတ်မိသမျှ
ကိုမောင်မောင်ကြွယ်´ အကြောင်းကို ဤမျှသာ ဖြစ်ပါတယ်၊
ကိုမောင်မောင်ကြွယ် အပါအ၀င်၊ သူလျှိုအဖြစ် အတင်းအဓမ္မ
စွပ်စွဲပြီး သေဒဏ် အပေးခံခဲ့ရသော ကျောင်းသား လူငယ်များနှင့်
ပက်သက်ပြီး ဆက်လက်၍ ယခုအခါ ကျနော် ရရှိထားသာ၊
စုဆောင်းထားသော သတင်း အချက်အလက်များကို ပြည်တွင်းရှိ ...
-၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့
-ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ်(ဗ.က.သ)
-အခြေခံပညာကျောင်းသားများ သမဂ္ဂ
-၇၄- ၇၅- ၇၆၊ ၈၈၊ ၉၆၊ ၂၀၀၇ နိုင်ငံရေး မျိုးဆက်များ
နှင့် နိုင်ငံရေး၊ လူမှုရေး နယ်ပယ်မှ အဖွဲ့အစည်းများ၊ လူ ပုဂ္ဂိုလ်
တစ်ဦးချင်းတို့ထံ တိုင်ကြားပေးပို့ အစီရင်ခံသွားမှာ ဖြစ်ပါတယ်။

ABSDF မြောက်ပိုင်းတွင် သူလျှိုအဖြစ် စွပ်စွဲပြီး ၁၉၉၂ ခုနှစ်
ဖေဖ်ါဝါရီလ (၁၂)ရက်နေ့တွင် မတရား သေဒဏ် အပေး
ခံခဲ့ရသော အခြေခံပညာ ကျောင်းသားများသမဂ္ဂ
အဖွဲ့ဝင် ကိုမောင်မောင်ကြွယ်သည် …
စွပ်စွဲထားသလို စစ်အစိုးရမှ စေလွှတ်လိုက်သည့်
စစ်ထောက်လှမ်းရေး သူလျှို လုံးဝ မဟုတ်ပါ ...
ယုတ္တိမရှိသော၊ အဓမ္မ အနိုင်ကျင့်မှုတစ်ခုသာ
ဖြစ်ပါတယ် ….။ ။

မောင်မောင်ကြွယ်
(နောက်ဆုံးအချိန်အထိရီနိုင်ခဲ့တဲ့ စိတ်ချမ်းသာမယ်ထင်တဲ့လက်နက်နဲ့ သတ်လို့ပြောတဲ့ ကျောင်းသားအာဇာနည်)

-စစ်ငြိမ်းဒီရေ

(ပြီးပါပြီ။)

(မှတ်ချက်။ ။ စာရေးသူရဲ့ အမည်အရင်းက အောင်ခင်မြင့် ဖြစ်ပါ
တယ်၊ ဘလော့ပေါ်မှာ `စစ်ငြိမ်းဒီရေ´ အမည်နဲ့ စာရေးပါတယ်၊
ဘလော့ဂါ အများစုက ကိုအောင်(ပျူနိုင်ငံ)လို့ ခေါ်ကြပါတယ်၊
၁၉၈၈- ၈၉ -၉၀ ခုနှစ်များအတွင်း အခြေခံပညာကျောင်းသားများ
သမဂ္ဂ (BESU) ရဲ့ အဖွဲ့ဝင် ကျောင်းသားအဖြစ် တာဝန် ထမ်းဆောင်
ခဲ့ပါတယ်၊ လက်ရှိ ဒိန်းမတ်နိုင်ငံမှာ နေထိုင်နေဆဲ အိမ်ထောင်သည်
တစ်ဦးပါ။)

3 comments:

Anonymous said...

အာဏာ ... နေရာ ... ရဖို့ ... ကိုယ့် ကျောင်းသားရဲဘော် အချင်းချင်း ရန်သူ့သူလျိုလို့ ... မဟုတ်မမှန် လုပ်ကြံ ဖန်တီး စွပ်စွဲ ဖမ်းဆီး လူမဆန်အောင် ... နှိပ်စက် ညှင်းပမ်း ... သွေးဆာနေတဲ့ လူသတ်သမားတွေလို သွေးအေးအေးနဲ့ လူမဆန်အောင် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ ... မင်းတို့ လူသတ်သမားတွေနဲ့ အပေါင်းအပါတွေကို ....
တရားမဲ့ အနိုင်ကျင့်ခံရပြီး ပေးဆပ်စွန့်လွှတ် ရင်းနှီးခဲ့ရတဲ့ ငါတို့ ရဲဘော်တွေအတွက် ... ထိုက်တန်တဲ့ သွေးကြွေးတခု မရ ရအောင် ပြန်တောင်းမယ် ...
အခု ကျဆုံးသွားတဲ့ ငါတို့ရဲဘော်တွေရဲ့ အရိုးတွန်သံ စကြားလာပြီ .... မင်းတို့ ဘယ်လိုပဲ ဟန်ဆောင်ဖုံးကွယ် လိမ်ညာထားပေမဲ့ ... အခု အမှန်တရားကို လိမ်ညာလို့ မရမှန်း သိပြီ မဟုတ်လား
ဖေါ်ထုတ်ဖို့ ဖြေရှင်းဖို့ ... အချိန်မကျသေးဘူး အချိန်မတန်သေးဘူး ... ဆိုတဲ့ကောင်တွေကို ... ငါတို့ မေးမယ် ... လူမဆန်အောင် မတရားပြုကျင့် အနိုင်ကျင့်ခံရတာတွေ လူ့အခွင့်အရေး ချိုးဖေါက်ခံခဲ့ရတာတွေကို ... အမှန်အတိုင်း ဖေါ်ထုတ် ရှင်းလင်းဖို့ ဆိုတဲ့ အချိန်ဆိုတာ ရှိသေးလား ... အရေးတော်ပုံကြီး အောင်မြင်တဲ့ တနေ့တဲ့လား ... မတရားတာ မဟုတ်တာ မမျှတတာ တွေ့ရင် ရှိခဲ့ရင် ဖြစ်နေရင် အချိန်မရွေး ချက်ခြင်း ဖေါ်ထုတ်ဖို့ လိုတယ်ဆိုတာ မှတ်ထားပါ .... မဖေါ်ထုတ်ဘဲ ခေါင်းငုံ့နေမယ် မသိချင်ယောင်ဆောင် ရေငုံနှုတ်ပိတ်နေမယ် ဆိုရင် ... မင်းကိုယ်တိုင် ဒီလိုမတရားမှုတွေ ကျူးလွန်တာကို အားပေးအားမြှောက် ပြုခဲ့တဲ့သဘောဖြစ်သွားလိမ့်မယ် ...
မတရားမှုတွေ ကျူးလွန်ထားတဲ့ လူသတ်သမားတွေ နားလည်ထားပါ ....
ကျဆုံးခဲ့ရတဲ့ .. အသက်မသေဘဲ အသက်ရှင်နေသေးတဲ့ ...ကာယကံရှင်တွေက မင်းတို့ကို ခွင့်လွှတ်ချင်တောင် ... ငါတို့က ခွင့်လွှတ်မှာ မဟုတ်ဘူး ... ဒါဟာ ခွင့်လွှတ်ပေးရမဲ့ အမှားမဟုတ်ဘူး .... အစဉ်အလာ ကြီးခဲ့တဲ့ ငါတို့ ကျောင်းသားသမိုင်းကို ရိုင်းစေတဲ့ မင်းတို့ကို ငါတို့ ခွင့်မလွှတ်ဘူး ... မျိုးဝင်း ... မင်း တမလွန်ရောက်နေတောင် ငါတို့ ခွင့်လွှတ်မှာမဟုတ်ဘူး ...
မင်းတို့ကို ဘယ်တော့မှ မကျေဘူး ... အဲဒါ ငါတို့ အရေးတော်ပုံ တိုက်ပွဲဝင် ကျောင်းသားတွေရဲ့ သဘောထားပဲ .....။

ဗကသများအဖွဲ့ချုပ် နှင့် အကသ (BESU) အဖွဲ့ဝင်ဟောင်းတဦး (၁၉၈၈)

မိုးစဲနေ said...

ကောင်းတယ် ကိုအောင်
ညီလေးတို့ နဲ့ ဆက်စပ်တဲ့ ကိုမောင်မောင်ကြွယ် အကြောင်းကို ညီလေး ရေးသလိုမျိုး အခြားသူတွေကလဲ နီးစပ်ရာ သေဆုံးသူတွေရဲ့ ပုံရိပ်ကိုရေးကြရင် ရုပ်လုံးပိုပေါ်လာမယ်..

Anonymous said...

မောင်မောင်ကြွယ်အတွက် တာဝန်ကျေစွာ ရေးသားမှတ်တမ်းတင်ပေးတဲ့ ရဲဘော်သူငယ်ချင်း ကို လေးစားဂုဏ်ယူပါတယ်။အားပေးနေတယ်။
ဆက်လုပ် သူငယ်ချင်း။
(အိုးဝေအောင်)