Showing posts with label Dr.နိုင်အောင်. Show all posts
Showing posts with label Dr.နိုင်အောင်. Show all posts

Friday, February 1, 2013

ABSDF ဥက္ကဌဟောင်း ဒေါက်တာနိုင်အောင်ရဲ့ တောင်ပိုင်းနှင့်မြောက်ပိုင်း ခရီး(၄)


by May Thingyan Hein on Friday, February 1, 2013 at 5:50am ·

အပိုင်း(၄)

အဲဒီတုန်းက နယ်စပ်မှာ ကျောင်းသားစခန်းလေးတွေချည်းပဲ ၁၉ ခုလောက်ရှိပါတယ်။ ကျနော် အမှတ်မမှားရင်တော့ အဲလိုပဲ ကျောင်းသား စခန်းတွေဆောက်ရင်း နေရင်းနဲ့ပဲ ၈၈ နိုဝင်ဘာလောက်မှာပဲ ပထမဆုံး ကျောင်းသားညီလာခံလုပ်ဖြစ်ပါတယ်။

 ဒါ တကယ်တမ်းပြောရရင်တော့ တိုင်းရင်းသားတွေရဲ့ အမြော်အမြင်ကြီးမားမှုပေါ့ အဲဒီတုန်းက တိုင်းရင်းသား တပ်ပေါင်းစု ဆိုတာ ရှိတယ်။ အဲဒီမှာ NDF( National Democratic Front) က ကမကထလုပ်ပြီးတယ်။ သူတို့က ဒီအတိုင်းနေလို့တော့ မဖြစ်ဘူး ကျောင်းသားတွေကိုတော့ဖြင့် စုစည်းပြီး စုံပေးလိုက်မှ ရမယ်ဆိုပြီး သူတို့ကစဉ်းစားတယ်။

ကျောင်းသားတွေကလည်း သူတို့ဟာ သူတို့အဖွဲ့အစည်း ဖွဲ့ချင်တာပေါ့လေ၊ ကျနော်တို့မှာလည်း  သပိတ်အရှိန်က မကုန်ဘူး။ သပိတ်အရှိန်က မကုန်ဘူးဆိုတာက အစိုးရ ၃ ဆက်ကို ဖြုတ်ချလာတာတို့ဘာတို့ပေါ့ဗျာ။

အဲဒီတုန်းက ကျနော်တို့ ကျောင်းသား အင်အားက ၂ သောင်းလောက်ရှိတယ်။ နှစ်သောင်းဆိုတာက တိုင်းရင်းသား အဖွဲ့ အင်အားထက်အများကြီး သာတယ်။ တကယ်တမ်းပြောရရင် ကိုယ့်အင်အားကလည်း မသေးလှတဲ့ ဟာမျိုးပေါ့။ နောက် ဗမာတွေလည်း ဖြစ်တယ်၊ အစိုး၇ကိုလည်း ဖြုတ်ချလာကြတာဆိုတော့ တိုင်းရင်းသားတွေဘက်က ကြည့်၇င်လည်း တမျိုးပေါ့။

အဲဒီမှာ သူတို့အမျှော်အမြင်ရှိတာက ကျနော်တို့ တွေကို ခွဲခြားခွဲခြား မလုပ်လိုက်ဘဲနဲ့ စုပေးဖို့အတွက်ကိုသူတို့က ကြိုးစားလိုက်တယ်။ ဒါကတော့ တိုင်းရင်းသားတွေရဲ့ အမျှော်အမြင်ကြီးမားမှုပေါ့ နိုင်ငံရေး အကင်းပါးမှုလို့ ပြောရမှာပဲ။
အဲလိုစုစည်းပေးလိုက်တဲ့အခါကျတော့ ကိုထွန်းအောင်ကျော်(မြောက်ပိုင်းတွင် အသတ်ခံရသော ကျောင်းသားခေါင်းဆောင် ထွန်းအောင်ကျော်-မဟုတ်ပါ) တို့ ဥက္ကဋ္ဌ ဖြစ်တဲ့ ပထမဆုံးကျောင်းသားညီလာခံ ဖြစ်ပေါ်လာခဲ့တယ်။

အဲဒီတုန်းကလည်း ကျောင်းသား ညီလာခံမှာ ဗကသ တွေ မကသ တွေ ယကသတွေကလည်း အုပ်စုတွေနဲ့ ကျောင်းသားညီလာခံမှာ ဘယ်သူ ဗိုလ်လုပ်မလဲပေါ့ဗျာ။ အဲလိုတွေဖြစ်ကြရင်းနဲ့ ကိုထွန်းအောင်ကျော်တို့ကြတော့ ကြားလူလို ဖြစ်ပြီး ကိုထွန်းအောင်ကျော်က ဥက္ကဋ္ဌ ဖြစ်သွားတယ်။

အဲဒီအချိန်ထိ ကျနော်က ABSDF ဗဟိုကော်မတီမှာ စပ်စပ် စပ်စပ် အရှိသေးဘူး။ ကျနော်က နယ်စပ်စခန်းမှာပဲ နေတယ်။ အဲဒီမှာ ယေဘူယျပြောလို့ရှိရင် ကျောင်းသားတော်တော်များများက နယ်စပ်ကိုလာမယ် စစ်သင်တန်းတက်မယ် ပြီးရင် လက်နက်ကိုင်ပြီး အစိုးရကို ပြန်ချမယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ လာခဲ့ကြတော့ တော်ရုံတန်ရုံက ပုဆိုး ၃ ထည် အကျီာင်္ ၃ ထည် အဲလိုမျိုးနဲ့ လာကြတာမျိုးပဲ များတယ်။ နောက် ကျနော်တို့ ရောက်ပြီး မကြာခင်မှ ဆောင်းရာသီလည်း ရောက်တော့ အနွေးထည်တို့ ဘာတို့လည်း မရှိနဲ့ ငှက်ဖျားတွေ ဘာတွေ ဖြစ်ကြတယ်။ လူအုပ်ကြီးကလည်း တော်တော်များတယ်။ စားစရာနဲ့ အနေအထိုင်ကလည်း ဆင်းရဲတယ်။

နိုင်ငံတကာက အဝေးရောက်ဗမာတွေ ကူတယ်၊ တိုင်းရင်းသားတွေကလည်း ကူတယ်ဆိုပေမဲ့ ကျနော်တို့ကျောင်းသားတွေရဲ့ စားသောက်ရမှု အခြေအနေတွေက တော်တော်ကို ဆင်းရဲပါတယ်။ နောက် လူအုပ်ကြီးကလည်း တော်တော်များပါတယ်။ ချက်တော့လည်း မိုးပြဲဒယ်ကြီးနဲ့ ၁၀ အိုးလောက်ချက်၊ ဟင်းကလည်း ပဲဟင်းရေကျဲပေါ့ဗျာ။ ဥပမာ သီဘောပိုးစခန်းမှာဆိုရင် မနက် ၆နာရီကတည်းက တသုတ်ပြီး တသုတ် ထမင်းစားကြတာ နေ့လည် ၁ ၂နာရီထိ မပြီးဘူး။ ဒါမျိုးပေါ့ဗျာ။

နောက် ဆန်တွေသယ်လာတဲ့ ဂုန်နီအိတ်တွေကတော့ ကျနော်တို့က စောင်လုပ်ပြီး အိပ်ပေါ့။ ကြမ်းပြင်ပေါ်မှာ ဒီအတိုင်း အိပ်ကြတယ်ဆိုတော့ လူတော်တော်များက တန်းညှိခံလိုက်ရသလို ဖြစ်သွားတယ်။ ဘယ်လောက် ချမ်းသာ ချမ်းသာ ဘယ်လောက် တော်တော် ဘယ်လို လက်ဖက်ရည်ဆိုင်မျိုးပဲ ထိုင်ခဲ့ ထိုင်ခဲ့ မြို့ပေါ်မှာ ဆေး ဘယ်လောက် ချချ ဘယ်လောက်ပဲ သုံးနိုင်သုံးနိုင် ဒီမှာတော့ အားလုံးက မြေကြီးပေါ်မှာပဲ ဂုံနီအိတ်တထည်ဆီ ရမှာပဲ။ ဆန် ၄ လုံးခွဲကို စားပဲ။ ပဲဟင်းရေ ဒီလောက်ပဲ။ ငရုတ်သီး တတောင့်ပဲ ဆိုပြီး အဲလို တန်းညှိလိုက်သလိုပဲ။ အဲလိုဆိုတော့ ဘ၀ကို သိသွားတယ်။

သိသွားတယ်ဆိုတာကလည်း တကယ်ကိုပဲ မရှိခြင်း တရားဆိုတာကို ကြုံလိုက်ရတာကိုး။ အဲဒီအချိန်မှာ ဒီ မသိခြင်းတရားနဲ့ အခက်အခဲကို ဘာနဲ့ ကျော်ကြသလဲဆိုတော့ နိုင်ငံရေး အသိ၊ ယုံကြည်ချက်ဆိုတာကို စပြီး စဉ်းစားဖြစ်ကြတာပဲ။ ဒီအသိနဲ့ ယုံကြည်ချက်ကို ဘယ်လိုတည်ဆောက်ကြမလဲဆိုတဲ့ စိတ်နဲ့ ကျနော်တို့ရဲ့ ABSDF ဆိုပြီး ဖြစ်လာတယ်။

ABSDF စဖြစ်ဖြစ်ချင်းတော့လက်နက်ကိုင် တော်လှန်မယ် ဘာညာ ဘာညာ ဆိုပြီးတော့ဖြစ်ကြတယ်၊ ရန်တွေဖြစ်ကြတယ် ဆိုပေမဲ့ ကျနော်တို့မှာ အခက်အခဲတော်တော်များများရှိပါတယ်။ အဲဒီအခက်အခဲတွေကို ငါတို့ ဘာလုပ်ကြသလဲဆိုတဲ့ အသိနဲ့ ယုံကြည်ချက်ကို တည်ဆောက်လာရင်းနဲ့ပဲ ကျော်ဖြတ်ခဲ့ကြတယ်။

ကျနော်တို့ ABSDF ဆိုတာက အဖွဲ့အစည်းကြီးကနေ တောခိုလာတာ မဟုတ်ဘူး။ နယ်အသီးသီးက ရောက်လာတဲ့ သူတွေအားလုံးကို အဖွဲ့အစည်းလုပ်ရတာ။ ပြောရရင်တော့ ဗိုလ်မှ ဗိုလ်တွေချည်းပဲလေ ဥက္ကဋ္ဌ ဆိုတဲ့နေရာကလျော့တဲ့သူက တယောက်မှ မပါဘူး။ နောက် နယ်သားတွေ များတယ်။ နယ်သားတွေက ရိုးတယ်။ စခန်းထဲမှာ တဲဆောက် စခန်းဆောက် အပင်စိုက် ဆန်အိတ်သယ်ဆိုတဲ့ အလုပ်ကြမ်းတွေကို သူတို့ အကုန်လုပ်တတ်တယ်။ ကျနော်တို့က သူတို့ဆီကနေ ပြန်သင်ရတယ်။ သူတို့က စရိုက်ကြမ်းတယ်။

အဲဒီမှာ လက်ဖက်ရည်ဆိုင်ထိုင်ပြီးတော့မှ ပွားတတ်တဲ့ မြို့သားကျောင်းသားနဲ့ နယ်ကျောင်းသားတွေရဲ့ ကြားက အထာမကျမှုလေးတွေရှိတယ်။ ကျနော်တို့မြို့ကျောင်းသားများကလည်း တောထဲရောက်တာတောင်မှ လက်ဖက်ရည်ဆိုင် ဖွင့်ဖို့ ကြိုးစားနေကြတာလေ။တောထဲ့ လူတွေကတော့ အချိန်ရတာနဲ့ ဖားရှာ ငါးရှာ သူတို့က အဲလိုမျိုး။ အဲလို ဖားရှာ ငါးရှာတွေကို မြို့ကျောင်းသားတွေကနေ ပြီးတော့ စကားလုံးကြီးတွေနဲ့ အနိုင်ကျင့်ပြီးတော့ မင်းက ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့ အဲလိုမျိုးတွေကလည်း ရှိတယ်။

အဲဒါတွေကို ကျနော်တို့က သင်တန်းတွေနဲ့ဖြတ်သန်းလိုက်ရတယ်၊ သင်တန်းဆိုတာကတော့စစ်သင်တန်းပဲပေါ့ ဒါပေမဲ့ လူတွေကို ပုံဆန်တူတူဖြစ်အောင် တန်းညှိလိုက်ရတယ်။ တပြေးတည်းဖြစ်တော့ မင်းလည်း ဒီဝတ်စုံပဲ မင်းလည်း ၀ါကျည်တောက်ပဲ ရတယ်။ မင်းလည်း ဒီထမင်းလည်း စားရမယ် ဆိုပြီးတော့ ပုံဆန်သွင်းလိုက်ရတယ်။

အဲဒီမှာကျနော်က စစ်တပ်အကြောင်းကို ပိုပြီး နားလည်သဘောပေါက်သွားတယ်။ စစ်တပ်ထဲမှာ အမိန့်ကို ဘာဖြစ်လို့ ကြောက်နေရသလဲ ဆိုတာကို ကျနော်က အဲဒီမှာမှ ပိုနားလည်သွားတာ။ သူ့ဖိနပ်ထဲကို ၀င်စီးကြည့်လိုက်ရမှ သိတာတွေ အများကြီးပဲ။

စကားဆက်ရမယ်ဆိုရင်တော့ ABSDF ပထမ ညီလာခံကနေ စလိုက်တဲ့ မြို့သားတွေနဲ့ နယ်သားတွေနဲ့ အဲဒီလို မပြေလည် မှုတွေနဲ့ အုပ်စု အကွဲအပြဲတွေ ကိစ္စတွေကို ABSDF က တောက်လျှောက်အမွေခံရတာပေါ့။

ကျနော်တို့ အစောပိုင်း ကာလတွေက ကြမ်းတယ်။ နောက်တခုက ဗဟိုကော်မတီလို့ ဆိုတာက အားလုံးကို စုစည်းတဲ့ ဆုံချက်ကြားထဲမှာကိုပဲ၊ အုပ်စု အသီးသီးကို ဆက်စပ်ထားတဲ့ ပုံဆန်မျိုးထဲမှာပဲ ကျနော်တို့ ဆီမှာ ရှိတဲ့ စခန်းတွေဆိုတာက ကျနော်တို့ အုပ်ချုပ်လို့မရဘူး။ အစိုးရကနေ ရပ်ကွက်တွေထိ အုပ်ချုပ်လို့ရသလို ကျနော်တို့က အုပ်ချုပ်လို့ မရဘူး။
ဘယ်လိုလဲ ဆိုတော့ စခန်းတွေက သူ့ဟာသူ ရှာစားတယ်၊ သူ့မဟာမိတ်နဲ့ သူ့လုပ်ငန်း အစီစဉ်နဲ့ သူရှိတယ်။ ကျနော်တို့ ဗဟိုကော်မတီက ဘာလုပ်ရလဲဆိုတော့ အစည်းဝေးခေါ်တာမျိုးလုပ်ရတယ်၊ မဟာမိတ်ဆက်ဆံရေး လုပ်ရတယ်။ အဲဒီလောက်ပဲ ရှိတယ်။

အဲတော့ ကျနော်တို့မှာ ကျောင်းသား စခန်းက ၁၉ ခုရှိတယ်၊ ABSDF က ပထမဆုံး ကျောင်းသားညီလာခံခေါ်တော့ စခန်းတွေက ကိုယ်စားလှယ်တွေကိုခေါ်တယ်။ ခေါ်ပြီးတော့မှ ဖွဲ့လိုက်ကြတာပေါ့။ ကျနော်တို့ ဘုရားသုံးဆူ စခန်းကလည်း ကိုယ်စားလှယ်တွေ လွှတ်တယ်လေ။

အဲဒီတုန်းက ဘုရားသုံးဆူ စခန်းက ဥက္ကဋ္ဌက ကိုတင်စိုးနောင်ပေါ့။၈၈ မှာလုပ်ခဲ့တဲ့ ပထမဆုံး ညီလာခံမှာတော့ ကိုတင်စိုးနောင်တို့ပဲ သွားတယ်လေ။ သွားပြီးတော့သိပ်မကြာဘူး ABSDF ဗဟိုက မတည်မငြိမ်ဖြစ်တယ်။
အဲဒီတုန်းက ဗကသက လာတဲ့ ၀င်းမိုး၊ အောင်နိုင်၊ ကိုကိုဦးပေါ့၊ အောင်နိုင်ဆိုတာ အခု VOA မှာ ဒါရိုက်တာ ဖြစ်နေတဲ့ ကိုသန်းလွင်ထွန်းပေါ့။  သူတို့တွေနဲ့ ဗဟိုကော်မတီထဲမှာ ရှိနေတဲ့သူတွေနဲ့ အဆင်မပြေ ဖြစ်ကြတာ။

အဲတုန်းကလည်း ဖြစ်လာတဲ့ နောက်ပြဿနာ တခုက ဘာလဲဆိုတော့ တောထဲမှာပဲ နေမယ်ဆိုတဲ့ ကျောင်းသားတွေရယ် မြို့ပေါ်နိုင်ငံရေး လုပ်ရမယ်ဆိုတဲ့ အယူအဆတွေကြားထဲမှာလည်း ပဋိပက္ခတွေဖြစ်တာ ရှိတယ်။ အဲဒီမှာပဲ အရေးပေါ် ညီလာခံ ထပ်ခေါ်ရတယ်။ အဲလို အရေးပေါ် ညီလာခံခေါ်တော့ ကျနော့်ကို ကိုတင်စိုးနောင်က စခန်းကနေ လှမ်းခေါ်တယ်။

အဲဒီအချိန်တုန်းကလည်း ကျနော်က စခန်းထဲမှာ စီမံခန့်ခွဲရေး ကိစ္စတွေကို လုပ်တယ်။ အဲဒီအချိန်မှာ လှမ်းခေါ်တယ်၊ ပြောချင်တာက ဘာလဲဆိုတော့ အဲဒီတုန်းကလည်း ကိုယ့်စခန်းကိုယ် ကိုယ်တည်ဆောက်နေရတဲ့ ခါကျတော့ အားလုံးက ကိုယ့်အလှူရှင်နဲ့ကိုယ်၊ ကိုယ့်စခန်း တိုးတက်ရေးပဲ ကိုယ်လုပ်ချင်တာတွေလည်း ရှိတယ်။

 ကျနော်တို့ရဲ့ မဟာမိတ်တွေကလည်း ကိုနိုင်အောင်တို့သွားဖို့သင့်တယ်လို့ ပြောလာတာလည်း ရှိတယ်။ ဗဟိုမှာ စီမံခန့်ခွဲရေး ကိစ္စတွေကို ပိုပြိး အားကောင်းအောင် လုပ်သင့်တယ်ပေါ့ ကိုယ့်စခန်းကိစ္စပဲ ကိုယ်လုပ်နေလို့မရဘူးလို့ ပြောလာတာတွေလည်း ရှိတယ်။အဲဒါနဲ့ ကျနော် သွားတယ်။

အဲဒီ ၁၉၈၉ အရေးပေါ် ညီလာခံမှာ ဗဟိုကော်မတီမှာ ဒုဥက္ကဋ္ဌ အနေနဲ့ တာဝန်ပေးတယ်။

ရှေ့ဆက်ဖော်ပြပေးပါမည်။

မေသင်္ကြန်ဟိန်(မြစ်မခ)
ဒေါက်တာနိုင်အောင်၊ ဓါတ်ပုံ- ကျော်ဇင်မန်း(မြစ်မခ)
13Unlike ·  · 
  • You and 2 others like this.
  • Zaw Ye ( ယကသတွေကလည်း အုပ်စုတွေနဲ့ ) မဟုတ်ပါ ရကသ ပါ ရန်ကုန်ခရိုင်ကျောင်းသား သမဂ ပါ

ABSDF ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင်ရဲ့ တောင်ပိုင်းနှင့် မြောက်ပိုင်း ခရီး(၃)


by May Thingyan Hein on Monday, January 28, 2013 at 4:48am ·

မေသင်္ကြန်ဟိန်(မြစ်မခ)

အပိုင်း(၃)
ကျနော်လုပ်ချင်တဲ့ အစိုးရ ဆရာဝန်လည်း မလုပ်လိုက်ရပါဘူး။ ကျုံဒိုးမှာ ဆေးခန်းလေး ဖွင့်နေရင်းနဲ့ပဲ ၈၈ အရေးအခင်းကြုံပြီး တောထဲရောက်သွားတယ်လို့ ပြောရမှာပဲဗျ။

အမှန်အတိုင်းပြောရရင်တော့ ဆေးကျောင်းတက်နေတုန်းကလည်း နိုင်ငံရေးနဲ့ပတ်သက်ပြီး ယူဂျီလှုပ်ရှားမှုတွေ ဘာတွေလည်း မရှိပါဘူး။ ဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေကို သာမန်လူတယောက်အနေနဲ့ကိုယ့်ဘ၀နဲ့ နှိုင်းယှဉ်ပြီးတော့  မကျေနပ်စိတ်နဲ့ လူငယ်သူပုန်စိတ်လေး ရှိနေရုံလောက်ပါပဲ။

ဒါပေမဲ့ ကျနော် ကျုံဒိုးရောက်တဲ့အခါမှာတော့ မွန်နဲ့ကရင်အစပ်ပေါ့၊ အဲဒီ ဟိုဘက်ကမ်းမှာ ကမ်းနီဆိုတဲ့ ရွာရှိတယ်။ အဲဒီကမ်းနီဆိုတဲ့ ရွာမှာ မကြာသေးခင်ကမှ လွတ်လာတဲ့ နိုင်ယက္ခဆိုတဲ့ လူရှိတယ် သူက အဲဒီမှာ ကျောင်းဆရာလုပ်တယ်။ သူကလည်း ကျောင်းဆရာ၊ ကျနော်ကလည်း ဆရာဝန်အနေနဲ့ ရောက်သွားတော့လူငယ်ချင်းလည်း ဖြစ်တော့ ခင်ကြတာပေါ့။ တော်လှန်ရေး စာပေတွေဘာတွေလည်း ဖတ်ရတယ်။ ပြီးတော့ နယ်စပ်က အခြေအနေတွေ ဘာတွေကိုလည်း သိနေတယ်ပေါ့။

အဲဒီမှာ ကျနော့်သူငယ်ချင်း သန်းဋ္ဌေးဦးကို ခေါ်ပြီးတော့ ကျနော်က သူ့ကို ကမ်းနီမှာ ဆေးခန်းဖွင့်ပေးတယ်။
အဲဒီဘက်အခြမ်းတွေမှာ မှောင်ခိုစီးပွားရေး ရှိနေပေမဲ့ ဆရာဝန်ရှားပါးတယ်။ ကျနော်လည်း ကျနော်က့ သူငယ်ချင်းကို ဆေးခန်းဖွင့်ပေးတယ်ဆိုတာကလည်း ဆေးဆိုရင်လည်း ကျနော်က ဆေးဆိုင်မှာ အကြွေးယူပြီးတော့ ဖွင့်ကြတာပေါ့၊ ကျနော်ရယ်၊ ကျနော့်သူငယ်ချင်းရယ် ကိုယက္ခရယ်ပေါ့။ သူက ပန်းချီတော်တော်လေး ကောင်းတယ်၊ ကဗျာလည်း ကောင်းတယ်၊ ကျနော့် သူငယ်ချင်းကလည်း နိုင်ငံရေး စကားနဲ့ ပြောရင် လက်ဝဲဆန်တယ်ပေါ့ဗျာ။

အဲလိုနဲ့ ၈၈ တကယ်ဖြစ်တဲ့အခါကျတော့ အဲဒီခေတ်က လူငယ်စိတ်နဲ့ပဲ ငါတို့ဘ၀ အနာဂတ်ကို အပြောင်းအလဲ လုပ်ဖို့  လမ်းတခု ပွင့်လာပြီလို့ ခံစားလိုက်ရတယ်။ ငါတို့ မကျေနပ်နေတဲ့ ဒီစနစ်တခုကို ဖောက်ထွက်နိုင်ဖို့ အခွင့်အလန်းရပြီလို့ အဲလို စိတ်ထဲမှာ ထင်လိုက်တယ်။

ဒီမိုကရေစီဆိုလို့ရှိရင်လည်း အဲဒီတုန်းက ကြားရတာပေါ့ အဲဒီမတိုင်ခင်တုန်းကတော့ ဘာမှ မသိပါဘူး။ ဒီမိုကရေစီဆိုတာ အများပြည်သူပိုင်တဲ့ ဟာ…ဆိုတော့ ရင်ကိုသွားထိတယ်။ သေချာသိလှတယ်လို့လည်း မဟုတ်ဘူး။ ဒါပေမဲ့ အတိအကျသေချာတာက ငါတို့ လိုက်မျောနေရတာကနေ ပြောင်းလဲဖို့ ငါတို့ အခွင့်အရေး ရပြီ ငါတို့ အနာဂတ်ကို ငါတို့ ဖန်တီးလို့ရပြီ ဆိုတာနဲ့ ကျနော်တို့ လုပ်ကြတာပဲ။

အဲဒီအချိန်တုန်းကလည်း တခုထူးခြားတာက  ၈၈မှာလည်း ကျနော်တို့ နေတဲ့ ကျုံဒိုးတို့ ဘာတို့မှာ ဘာမှ မဖြစ်သေးဘူး၊ စီးပွားရေးနယ်လို ဖြစ်နေတော့သိပ်လည်း မဖြစ်ကြပါဘူး။ ကျနော်ကလည်း ဆရာဝန်ပေါက်စ လူငယ်အုပ်စုတွေနဲ့လည်း ရင်းရင်းနှီးနှီးရှိတော့ ကျနော့်ကို ဟာ…ဆရာ သူများတွေလည်း ချကုန်ကြပြီ ကျနော်တို့လည်း လုပ်မယ်လေပေါ့။ အဲဒီမှာ သူများလည်း လုပ်ရင် ငါတို့လည်း လုပ်ရမယ်ဆိုတဲ့ စိတ်နဲ့ပဲ လုပ်ခဲ့ကြတာပါ။

ကျနော်တို့ လူငယ်တွေကလည်း လှုပ်စိလှုပ်စိလေးတွေဖြစ်နေကြတော့ တပ်ရင်းမှူး ဗမှူးလှသန်းက ခေါ်ပြီး ဆွေးနွေးတယ်။ တကယ်တော့ ဗမှူးလှသန်းက ကျနော်တို့နဲ့ ဆွေမျိုးမကင်းဘူး။  သူက စခန်းထဲခေါ်ပြီးတော့ ဘယ်လိုလဲ ၊ဘာလဲပေါ့ ၊ ဆန္ဒပြဖို့ အစီစဉ် ရှိလားပေါ့၊ ကျနော်ကလည်း ရှိတယ်ပေါ့။  သူကလည်း မလုပ်ကြဖို့ နားချတာပေါ့ ။ ဒီဘက်က ကရင်သူပုန်နဲ့လည်း နီးတယ်ပေါ့ ပြီးတော့ KUN ကလည်း ခဏခဏ၀င်ပစ်နေတဲ့ နေရာပေါ့။ ကမ်နီဆိုတာက မွန်ဘက်ခြမ်းပေါ့ ချောင်းလေးပဲ ခြားတာကိုး။

ကျနော်က ပြောပြတယ် ကျနော့်စိတ် ကျနော့်သဘောကတော့ တတိုင်းပြည်လုံးဖြစ်နေတာဆိုတော့ လုပ်သင့်တယ်လို့ ထင်တယ်။ နောက် ကျနော်ကတိ တခုတော့ ပေးမယ်လို့ ဖျက်ဆီးတဲ့ ကိစ္စကိုတော့ကျနော် မကြိုက်ဘူး။ လုပ်ဖြစ်လို့ ရှိရင်လည်း စည်းကမ်းရှိရှိနဲ့ပဲ လုပ်မယ်လို့ လုပ်ဖြစ်ရင်လို့ ပြောခဲ့တယ်။ နောက်ပြီးတော့ သူပုန်တွေနဲ့ ဆက်စပ်ပြီးတော့လည်း မလုပ်ဘူးလို့ သူ့ကို ကတိပေးခဲ့တယ်။ အဲဒါနဲ့ ကျနော့်ကို တညနဲ့ ပြန်လွှတ်လိုက်တယ်။

အဲဒီမှာ သြဂုတ်လ လလည်ပိုင်းတောင် ကျော်နေပြီ အဲဒီအချိန်မှ သပိတ်စဖြစ်တယ် ကျုံဒိုးမှာ။ ဖြစ်တော့လည်းဗျာ မျက်နှာပူစရာက ကျနော်နေတဲ့ အိမ်က ပါတီကောင်စီအိမ်။ ဆေးခန်းကဖွင့် ညဆိုရင် အဲဒီအိမ်မှာ ထမင်းစား။သပိတ်ဖြစ်တော့လည်း အဲဒီအိမ်ရှေ့ကနေ ဘယ်နေ့ဘယ်ရက်မှာ နှုတ်ထွက်ကြပါ ဘာညာ အော်ရတာပေါ့ဗျာ။ အဲဒီပါတီကောင်စီကလည်း သဘောကောင်းပါတယ် ဦးပွတဲ့။ သူကလည်း ကျနော့်ကို လာပြောတယ် ကျနော် နေ့လည်ကပဲ နှုတ်ထွက်စာ သွားတင်လိုက်ပါတယ်ပေါ့ဗျာ။ အဲလိုမျိုးတွေလည်း ဖြစ်လာတယ်။

ကျနော်က တောခိုမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့လည်း တောထဲရောက်ခဲ့တာ မဟုတ်ဘူး။အဲဒီတုန်းက မြို့တွေမှာ သပိတ်ကော်မတီတွေက အစစအရာရာအကုန်ပေါ့ဗျာ၊ လုပ်ရတယ်။ လုံခြုံရေးကစ ၊ အခွန်ကိစ္စအဆုံးပေါ့ဗျာ။ အဲဒီတုန်းက ဆန်က ပြတ်သွားတယ်။ ဆန်ပြတ်သွားတော့ ကျနော်က မော်လမြိုင်မှာ ဆန်တက်ဝယ်တယ်။

ဆန်တက်ဝယ်ရင်းနဲ့ ကိုယက္ခရဲ့ အဆက်အသွယ်နဲ့ပဲ နယ်စပ်မှာ ရောက်နေတဲ့ အဖွဲ့တွေနဲ့ ရှေ့ဆက်လှမ်းဖို့ ကိစ္စတွေကို ဆွေးနွေးဖို့အတွက် လိုက်ပို့ပေးမယ် ဆိုတာနဲ့ကျနော်တို့ကလည်း စိတ်ဝင်စားတယ်ပေါ့။ နောက် စိတ်ဝင်စားတယ်ဆိုတာကလည်း နယ်စပ်မှာ တပ်တွေက ရုတ်နေပြီ စစ်ကားတွေ သွားနေပြီပေါ၊ အာဏာသိမ်းဖို့ ပြင်ဆင်နေပြီဆိုတာ မြင်နေရတယ်။ အဲတော့ အာဏာသိမ်းရင် ဘာလုပ်မယ်ဆိုတာလည်း ကျနော်တို့ မသိဘူး။

အဲတော့ တခုခုတော့ အကြံဥာဏ်ယူမယ် တိုင်ပင်မယ် ဆွေးနွေးမယ်ဆိုတဲ့ စိတ်နဲ့ ထွက်ခဲ့တာ။
မှတ်မှတ်ရရ စက်တင်ဘာလ ၆ ရက်နေ့ပေါ့၊ မြို့မှာ ဆန်တွေဘာတွေ ၀ယ်ပြီး ကားတွေနဲ့တင်ပို့ပြီးတော့မှ ထွက်တာ။ ထွက်တုန်းကတော့ ၂ ရက် ၃ ရက်ပဲကြာမယ်ပေါ့။ အဲဒီလို စက်တင်ဘာလ ၆ ရက်နေ့ကတည်းက ထွက်လိုက်တာ ဘုရားသုံးဆူကို စက်တင်ဘာလ ၂၄ ရက်နေ့မှပဲ ရောက်တော့တယ်။

ဘာကြောင့်အဲလို ကြာလဲဆိုတော့ လမ်းမှာ မွန်နဲ့ ကရင်နဲ့တိုက်ပွဲတွေဖြစ်ကြတယ်၊ ကျနော်က မွန်နဲ့သွားတာဆိုတော့ လမ်းမှာ တိုက်ပွဲတွေ ရှောင်သွားရတယ်။ အဲလို သွားနေရင်းနဲ့ပဲ လမ်းမှာပဲမြို့ပေါ်မှာ အာဏာသိမ်းပြီ ဆိုတဲ့သတင်းကြားရတယ်။ အဲလို အာဏာသိမ်းတာနဲ့ တနသာင်္ရီဘက်က ကျောင်းသားတွေလည်း အများကြီးပဲ ရောက်လာကြတယ်။ ကျနော်တို့ သပိတ်စခန်းကလည်း ဖြိုခွဲခံလိုက်ရပြီ၊ အဲဒီက ကျောင်းသားတွေလည်း တက်လာကြတယ်။ ကျနော်လည်း ပြန်လို့မရတော့ဘူး။
အဲဒီမှာ လက်တွေ့ကြုံတာက ဘာလဲဆိုတော့ တောထဲမှာလည်း အကုန်လုံး စားစရာမရှိ၊ ကျန်းမာရေး စောင့်ရှောက်မှုလည်း မရှိဆိုတော့ အဲဒါတွေကို လျှောက်လုပ်ရင်းနဲ့      တောက်လျှောက် တောထဲနိုင်ငံရေးထဲ ရောက်လာခဲ့တာပေါ့၊ လက်နက်ကိုင်တော်လှန်ရေးဘက် အရမ်းပြင်းထန်လို့လည်း မဟုတ်ပါဘူး။ နိုင်ငံရေးကို အရမ်းယုံကြည်လို့ဆိုတာထက် ဘ၀နဲ့ယှဉ်သိတဲ့ နိုင်ငံရေး အသိလေးပေါ့နော် အဲဒီကနေစဖြစ်ခဲ့တာ။

တောထဲရောက်တဲ့အခါကျတော့ အားလုံးက သပိတ်စခန်းတွေ သပိတ်စခန်းတွေကနေ အုပ်စုလိုက် လာကြတာ။ ကျနော်က တယောက်တည်းပဲ။ ကျနော့ သပိတ်စခန်းက ကောင်လေးတွေက ဟိုဘက် ကရင်စခန်းရောက်သွားတာကိုး။

ဟိုမှာ တောထဲရောက်ပြီးတော့ ငှက်ဖျားဖြစ်ကြတာကိုး၊ ကျနော်က ဆရာဝန်လည်းဖြစ်တော့ စီမံခန့်ခွဲရေးအတွေ့အကြုံလည်း အနည်းအကျဉ်းရှိတယ်၊ အင်္ဂလိပ်စာလေးလည်း မတောက်တခေါက်ပြောတာလေးတွေ ရှိတော့ နယ်စပ်ရောက်တော့ နယ်ကကျောင်းသားတွေရဲ့ ကိုးစားမှု ရတာပေါ့။ အဲတော့ ကျနော်နောက်ပြီး အမြဲတမ်းပြောတာရှိတယ် ကျနော်ဥက္ကဋ္ဌ ဖြစ်လာတာ ဆေးကုပြီးတော့ဖြစ်လာတာလို့ ပြောတာပေါ့။

ဟိုရောက်တော့လည်း ကျနော်တို့က စခန်းလေး ထောင်တယ်၊ နောက် ကျန်းမာရေး စောင့်ရှောက်မှု ကိစ္စတွေ နောက်ပြီးတော့ စားဝတ်နေရေးကိစ္စတွေကို စီမံခန့်ခွဲပေးရတာပေါ့ဗျာ။

အဲဒီတုန်းက နယ်စပ်မှာ တောခိုတာက အများစုက နယ်တွေကလိုဖြစ်တယ်၊ သူတို့က ၇ွာလိုက်ထွက်လာကြတာ၊ မုဒုံဆို မုဒုံ၊ မော်လမြိုင်ဆို မော်လမြိုင်၊ သံဖြူဇရပ်ဆိုရင် သံဖြူဇရပ် အားလုံးက ကြည့်လိုက်လို့ရှိရင် ဥက္ကဋ္ဌ၊  ဒုဥက္ကဋ္ဌအဲလိုတွေနဲ့ နောက်လိုက်တွေပေါ့။ နောက်နယ်တွေရဲ့ သဘောသဘာဝက အုပ်စု အားပြိုင်မှု တွေရှိကြတယ်။

ကျနော်ကတော့ တယောက်တည်းဆိုတော့ ဘယ်အုပ်စုမှလဲ မရှိတော့ကြားထဲမှာ ထိန်းရင်း ညှိုရင်းပေါ့ဗျာ။ စခန်းအုပ်ချုပ်ရေး ကိစ္စတွေ ၀င်လုပ်ပေးရင်းနဲ့ အခု သမ္မတအကြံပေးလုပ်နေတဲ့ ကိုဇော်ဦးပေါ့၊ သူနဲ့ ကျနော်တို့က စခန်းတခုတည်းကိုး အဲဒီတုန်းက သူက ဥက္ကဋ္ဌ၊ ကျနော်က ဒု ဥက္ကဋ္ဌပေါ့။

အဲဒီတုန်းက အဲလိုနည်းအမျိုးမျိုးနဲ့ ရောက်သွားကြတဲ့ ကျောင်းသားတွေက ထိုင်းနယ်စပ်ကို ရောက်တာ ရှိတယ်။ တရုတ်နယ်စပ်ဘက် ရောက်သွားတာ ရှိတယ်။ ကချင်ဘက်ရောက်သွားတာ ရှိတယ်။ ရှမ်းဘက်ရောက်သွားတာရှိတယ်၊ ရခိုင်ဘက်ရောက်သွားတာ ရှိတယ်၊ ဘင်္ဂါလားဒေ့ရှ်ဘက်ရောက်သွားတာ ရှိတယ်။ အဲတော့ အဲဒီအချိန်မှာပဲ ကျောင်းသား စခန်းက စုစုပေါင်း စခန်း ၁၉ ခုလောက်ရှိတယ်။ နယ်စပ် စခန်းလေးတွေ လုပ်နေကြတာပေါ့။

အဲဒီတုန်းကတော့ နာမည်ကြီးတွေလို့ ပြောရင်တော့ ကိုမောင်မောင်ကျော်ပေါ့၊ သူက ၈၈ မတိုင်ခင်ကတည်းက ထွက်သွားလိုက်တာဆိုတော့ ကျောင်းသားတွေက တောခိုတဲ့အခါမှာ ကိုမောင်မောင်ကျော့် နောက်ဆိုပြီးတော့ လိုက်တဲ့ သူက များတယ်။ ကျောင်းသားတွေကတော့ ကိုမောင်မောင်ကျော့်နောက်ဆိုပြီး လိုက်လာကြတာပဲ။

အဲဒီတုန်းက ကျောင်းသားအဖွဲ့တွေရဲ့ ထူးခြားချက်က ဘာလဲဆိုတော့ ကရင်မှာဆိုရင်လည်း သူ့တပ်မ နယ်မြေအသီးသီး ရှိတယ်။ မွန်ဘက်မှာဆိုရင်လည်း မွန်ပေါ့ဗျာ၊ အဲဒီတုန်းက ကျနော်တို့က စဉ်းစားနေရတာက ကျနော်တို့ရဲ့ ဘုရားသုံးဆူ ဆိုတာကလည်း မွန်နဲ့ ကရင်နဲ့ အကြီးအကျယ် ချထားတဲ့ နေရာပေါ့။ ကျနော်တို့ ရောက်သွားတော့လည်း လုံးဝ မီးလောင်ပြင်၊ မိုင်းတွေလည်း ပြည့်နေတာပါ။  ရွာသားတွေလည်း မရှိဘူး။ လူတွေလည်း တော်တော်သေကြတယ်။ဘယ်သူမှ မရှိတော့ ကျနော်တို့က အဲဒီမှာ ၀င်ပြီးတော့ရွာသားတွေ စိုက်ထားတဲ့ ရွှေဖရုံသီးတို့ ကျောက်ဖရုံသီးတို့ကစပြီး စားသောက်ကြတယ်။
အဲဒီလိုပဲ မွန်ဘက်ကိုလည်း ကျောင်းသား ရောက်တယ် ကရင်ဘက်ကိုလည်း ကျောင်းသားတွေ ရောက်ကြတယ်။

ရှေ့ဆက်ဖော်ပြပေးပါမည်။
မေသင်္ကြန်ဟိန်(မြစ်မခ)

14Unlike ·  · 
  • You and 4 others like this.
  • Kyaw Mar Lar ခုချိန်အထိတော့သူပြောတဲ့သူ့ အကြောင်းကဘာမှမဟုတ်သေးဘူးနော်

Friday, January 25, 2013

ABSDF ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင်ရဲ့ တောင်ပိုင်းနှင့် မြောက်ပိုင်း ခရီး(၂)


by May Thingyan Hein on Friday, January 25, 2013 at 4:37am ·

အပိုင်း(၂)
အစိုးရ ဆေးရုံးမှာလည်း ခွဲခြားမှုတွေ လူတန်းစား ကွာဟမှုလေးတွေကိုလည်း မြင်လာရတာတွေ ရှိတယ်။ အဲဒီမှာ ကျနော်ဖြစ်တာက ဘာလဲဆိုတော့။ ဒီ မွန်မြတ်တဲ့အလုပ် ဆရာဝန်အလုပ်ကိုလုပ်နေတဲ့ သူတွေမှာတောင်မှ ခွဲခြားမှုတွေ ရှိနေတာကို မြင်ရတော့ စိတ်ထဲမှာ မခံစားနိုင်တာမျိုးတွေ ဖြစ်လာတယ်။

နောက်တချက်က ကိုယ့်အဖေအပါအ၀င် အားလုံးက ဆေးရုံက ပြီးတာနဲ့ ဆေးခန်းဖွင့်ကြတယ်။ အဲဒီအချိန်မှာ ဆရာဝန်တွေကလည်း မချမ်းသာပါဘူး။ ဒါပေမဲ့ ဘာဖြစ်လဲဆိုတော့ ကျနော့်အမြင်မှာတော့ ဆေးခန်းဖွင့်တာက အပြင်သီးသန့်အနေနဲ့ ဆိုရင်တော့ပြဿနာ မရှိဘူး၊ ဒါပေမဲ့ ဆေးရုံနဲ့ ဆက်နေကြတယ်။ ဒီဆရာဝန်ကြီးက တင်လိုက်တဲ့ လူနာဆိုရင် ဆေးရုံမှာ ဦးစားပေးခံရတာတွေဖြစ်လာတယ်။ အဲလိုဖြစ်နေတဲ့ သူတွေကို ကြည့်လိုက်တော့လည်း ကိုယ့်ဆရာတွေချည်းပဲ။ အဲလိုမျိုးတွေပေါ့ဗျာ။

ဒီခေတ်မှာတော့ပိုဆိုးမှာပေါ့၊ ငွေကြေးနောက်တအားလိုက်ကြတဲ့ ဆရာဝန်တွေလည်း ရှိတာကိုး၊ အဲဒီခေတ်တုန်းကတော့စားဝတ်နေရေးနဲ့ သြဇာအတွက် လုပ်ကြတယ်ပေါ့ဗျာ။ အပြင်မှာ ကိုယ်ပိုင်စီးပွားရေး ကိစ္စနဲ့ အများပြည်သူပိုင်တဲ့ ဆေးရုံကိစ္စနဲ့ ဆက်စပ်လာတဲ့ အခါကျတော့ စိတ်ထဲမှာ မကောင်းဘူး။

ကျနော်ကိုယ်တိုင် ၀ါသနာမပါတဲ့ အလုပ်ဖြစ်တဲ့အဖြစ် ကိုယ့်မျက်စိတည်းမှာလည်း အချိုးမကျတာတွေမြင်လာရတယ်။ နောက်တခုက အဲဒီတုန်းက ဆရာဝန်အသိုင်းအ၀ိုင်းက ပညာတတ်အသိုင်းအ၀ိုင်းက လူတွေက ပါတီကောင်စီက လူတွေကို ကြောက်ရတယ်၊ စိုးရိမ်းရတယ်။ တရားသူကြီး အလုပ်ဝင်လုပ်ပေးရတာက အစ၊ လူကြီးလာလို့ရှိရင် ပြာပြာသလဲဖြစ်နေတာ အဆုံး အဲလိုမျိုးတွေလည်း ရှိတယ်။

ဒီနေရာမှာ ဆက်စပ်လို့ တခုပြောချင်တယ်၊ ကျနော် ငယ်ငယ်တုန်းက ပုသိမ်မှာ ၇ တန်းလောက်တုန်းက ထင်တယ်၊ လူရည်ချွန်ဖြေရတယ်၊ အဲဒီမှာ ကျနော် နောက်ဆုံးအဆင့်မှာ တိုင်းကောင်စီ ဥက္ကဋ္ဌ သားနဲ့ ကျနော်နဲ့ ယှဉ်ရတယ်။ ဒါပေမဲ့  ကျနော်မရဘူး။ အဲဒီနောက်ပိုင်းက စပြီး ကျနော် လူရည်ချွန်ဆိုတာလည်း မဖြေတော့ဘူး။

ပြောချင်တာက စနစ်ကိုက ဒါမျိုးတွေမှလုပ်မနေရင် မရှင်သန်နိုင်ဘူးဆိုတာတွေ ဖြစ်လာတယ်။ တကယ်ကို မွန်မွန်မြတ်မြတ်နဲ့ လူသားတွေကို မေတ္တာတရားနဲ့ ကုသဆောင်ရွက်ပေးရမဲ့ ဒီလိုအလုပ်တွေမှာတောင်မှ ဒါတွေကို မမြင်ရသလိုဖြစ်လာတယ်၊ အဲဒီတော့လည်း လူငယ်လည်းဖြစ်တော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပေါက်ကွဲတယ်ပေါ့ အဲလိုပဲ သူငယ်ချင်းတွေနဲ့ စာလေး ကဗျာလေးတွေလည်း ရေးဖြစ်ကြတယ်။

ကျနော်တို့ ရှေ့မှာလည်း မန္တလေးဆေးကျောင်းကဆိုရင် စာရေးတဲ့ သူတွေထွက်တယ်၊ ဂျူးတို့ နိုင်ဇော်တို့ ကျော်စွာထက်တို့ ကလည်း စာတွေထွက်လာကြတာ ရှိတော့ ကျနော်တို့လည်းသူတို့ကို အားကျပြီး စာလေး ကဗျာလေးတွေ လိုက်ရေးတာတွေလည်း ရှိခဲ့တယ်။

ကျနော့်မှာ တောက်လျှောက် ကောင်းတာက ၃ တန်း ၄ တန်းလောက်ကတည်းက စပြီး စာဖတ်ဖြစ်ခဲ့တာတွေ ရှိတယ်။ ကျနော့်အိမ်မှာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ စာအုပ်တွေ တော်တော်များများ ရှိတယ်။
နောက် ကျနော်ပုသိမ်မှာ နေခဲ့တုန်းက ဘေးအိမ်မှာ ဘာသာပြန်ဝတ္ထုတွေ တော်တော်များများရှိတယ်၊ အဲဒါတွေကိုလည်း ဖတ်ဖြစ်ခဲ့တယ်။  ငယ်ကတည်းက စာဖတ်တာကိုလည်း ကြိုက်ခဲ့တော့ ကျနော့်ဘ၀တလျှောက်လုံးမှာ စာပေအကျိုးကျေးဇူးကလည်း အများကြီး ရှိပါတယ်။

အဲလို စာထဲကနေ သိရတဲ့ အသိနဲ့ သူငယ်ချင်းတွေရဲ့ ဘ၀ကို လက်တွေ့မြင်လာတဲ့အခါမှာ နောက် တွေ့လာတဲ့ မဆလခေတ်အခြေအနေနဲ့ စိတ်ထဲမှာတကယ့်ကို မခံချိမခံသာတွေဖြစ်ခဲ့တယ်။ အဲလိုကြီးနဲ့ နေနေရင်းနဲ့ပဲ ၈၈ ဖြစ်သွားတယ်လို့ပဲ ပြောရတော့မယ်။

ကျနော် ဆယ်တန်းအောင်တာက ၇၈ ခုနှစ်၊ ရ၉ မှာ ရီဂျင်နယ် တက်ရတယ်။ ၈၁၊ ၈၂ မှာ မန္တလေးဆေးတက္ကသိုလ်တက်ပြီး ၈၆ မှာ ဘွဲ့ရတယ်။ ၈၇ မှာ အလုပ်သင်ဆရာဝန်ဘ၀နဲ့ မန္တလေးမှာပဲ။ နောက် အဖေက မော်လမြိုင်ဆေးရုံကို ပြောင်းရတော့ ကျနော်ကလည်း လိုက်သွားရတယ်။

ဆေးကျောင်းတက်ခါစက ဘယ်လောက်ပဲ ဆိုးခဲ့ ဆိုးခဲ့ နောက်ပိုင်းမှာ ကျနော် စာတတ်အောင်သင်တယ်။ငါ လူနာတွေကို တကယ်ကုမယ်ဆိုရင်တော့ ငါ လူသတ်တဲ့ ဆရာဝန်တော့ဖြစ်လို့မရဘူး တကယ်တတ်မှဖြစ်မယ်ဆိုပြီး သေချာ သင်တယ်။ အလုပ်သင်ဆရာဝန် ဘ၀မှာလည်း ဆေးခန်းမှာပဲနေ့ရောညရော နေပြီး ဆေးကုပေးတယ်။ အဲဒါကြောင့် ကျောင်းတုန်းက ဆိုးတဲ့ မောင် ဆရာဝန်ဘ၀မှာ တော်တော်လိမ္မာပါလား ဆိုပြီး ဆရာတွေက အသိအမှတ်ပြုပေးဖူးတယ်။

နောက် ကျနော် တကယ် ဆရာဝန်ဖြစ်ပြီး လူနာတွေနဲ့ တွေ့ပြီး ဆေးကုလာတဲ့ အချိန်မှာ ကျနော့်မှာ လူနာအပေါ်မှာ ဘာမျှော်လင့်ချက်မှ မထားဘဲနဲ့ ဆေးကုပေးချင်တဲ့ ဆရာဝန်စိတ် ဖြစ်သွားခဲ့ပြီ။ တကယ် ဆရာဝန် စိတ်ဖြစ်သွားခဲ့ပြီ၊ အဲဒါကြောင့် ကျနော့် သဘောဆိုရင် အပြင်ဆေးခန်းထိုင်တဲ့ အလုပ် မလုပ်ချင်ဘူး။ နယ်သွားချင်တယ်၊ တကယ့်ဆရာဝန် မရှိတဲ့ နေရာတွေကို သွားချင်တယ်။

အဲလို စိတ်ဖြစ်နေတဲ့အချိန်မှာ ဘာပေါ်လာလဲဆိုတော့ အစိုးရဆရာဝန်လုပ်မယ်ဆိုရင် ရာထူးခန့်အပ်ရေး အဖွဲ့ဆိုလား ရှိတယ်။ အဲဒီအဖွဲ့က အင်တာဗျူး လုပ်တာ။ အဲဒီအင်တာဗျူးက ဘာလဲဆိုတော့ပါတီအကြောင်းတို့ ဘာတို့ မေးတဲ့ အင်တာဗျူးပေါ့ဗျာ။ ဆိုတော့ စိတ်ထဲမှာလည်း နည်းနည်းငုတ်နေတဲ့ အခံက ရှိတော့ဗျာ၊ စဉ်းစားကြည့်ဦး ကျနော်တို့ ဘွဲ့လည်း ရပြီးပြီ၊ အစမ်းသပ်လည်း ခံပြီးပြီ၊ ဆရာကြီးတွေ ကိုယ်တိုင်ကိုယ်က မင်းဆရာဝန်ဖြစ်ပါပြီလို့ ပြောထားပြီးတဲ့ အချိန်မှာ ကိုယ့်ကို အလုပ်ခန့်ဖို့အတွက် ပါတီကောင်စီက လူတွေက ဘာလို့ အင်တာဗျူးရတာလဲ ဆိုတာကို နားကိုမလည်ဘူး။

အစိုးရ၀န်ထမ်းဆရာဝန်တကယ်လုပ်ချင်တယ်။ ဒါပေမဲ့ အဲဒါမျိုးတွေကိုလည်း လက်မခံနိုင်ဘူး။ ပြီးတော့ဗျာ အဲဒီတုန်းက ဖြစ်နေတာကလည်း အလုပ်ထဲဝင် မာစတာတက် ပြီးရင် နိုင်ငံခြားမှာပညာသွားသင် ဒါက ဆရာဝန်တိုင်းက အဲလိုပဲ လုပ်ပြီး သွားနေတာပဲ။ ကျနော့်မှာ အဲဒါလုပ်ဖို့ကို အဲဒီလို ပါတီကောင်စီကလူတွေက အင်တာဗျူးမှာဆိုတာတွေက သွားခံနေတော့ အဲဒီအလုပ်ကို ဆက်လုပ်ဖို့ မလုပ်ဖို့ ဆိုတာလည်း မသေမချာဖြစ်နေတော့ အဖေနဲ့ လိုက်နေရင်းနဲ့ ဆေးခန်းလေး ဖွင့်နေရင်းနဲ့ စဉ်းစားနေတုန်းပါပဲ။

အဖေက မော်လမြိုင်ပြောင်းရတော့ ကျနော်က ကရင်ပြည်နယ်၊ ကျုံဒိုး ကော့ကရိတ်မှာ ကျနော် ဆေးခန်းဖွင့်ပြီး ဆေးကုနေခဲ့တယ်၊အဲဒီတုန်းက မှောင်ခိုလမ်းရှိတယ်၊ မော်လမြိုင်၊ ကျုံဒိုး၊ ကော့ကရိတ် အဲလိုပေါ့။

နောက် ကျနော်က အဖေနဲ့ပတ်သက်ပြီးတော့ ခံစားချက်ရှိတယ်။ ကျနော်တို့ မောင်နှမ ၃ယောက်ရှိတယ်။ ကျနော်က အကြီးဆုံးပေါ့၊ အဲဒါကြောင့် အဖေ့ရဲ့ မျှော်လင့်ချက်လည်းဖြစ်မယ်ထင်ပါတယ်။ ကျနော်ငယ်ငယ်လေးကတည်းက အတန်းထဲမှာ ပထမ၊ ဒုတိယ မရရင်အမြဲတမ်း အရိုက်ခံရတယ်။ ကျနော့်ညီမက အတန်းထဲမှာ ပထမ ဒုတိယ တတိယ မရရင်လည်း အရိုက်မခံရဘူး။အဲတော့ ကျနော့်ညီမ အလတ်နဲ့ အမြဲ ယှဉ်ကြည့်မိတယ် အဖေက သူ့သမီးတော့ ချစ်တယ် ငါ့ကိုတော့ ရိုက်တယ်ဆိုပြီးတော့ပေါ့။

အဲဒါကတော့ မိဘတွေရဲ့ Gender အမြင်ပေါ့လေ သားသမီး၃ယောက်ထဲမှာ ကျနော့်ကျတော့ သူ စာတော်မှ ရမယ်၊ သူ တခုခု ဖြစ်မှရမယ် ဆိုတာမျိုးပေါ့။ ဒါပေမဲ့ ကလေးဘ၀ကတည်းက ကျနော့်စိတ်ထဲမှာ ငုတ်သွားတာက အဖေက ငါ့ကိုတော့ မချစ်ဘူး၊ သူ့သမီးပဲ ချစ်တယ်ဆိုတာက စွဲသွားခဲ့တယ်။

နောက် ကျနော့်အဖေကလည်း သူအရင်က နိုင်ငံရေးတွေ ဘာတွေ လုပ်ဖူးတယ်၊ ၁၉၆၂ နှစ်လောက်တုန်းကပေါ့ ဒါပေမဲ့ ထင်ထင်ရှားရှားတော့ မဟုတ်ဘူး။ ဦးသာဘန်းတို့နဲ့က အဖေတို့က နိုင်ငံရေးလုပ်ဖော် သူငယ်ချင်းတွေ၊ အဲဒါကြောင့် အဖေ့ရဲ့ နိုင်ငံရေး စာအုပ်တွေက အိမ်မှာ ရှိနေခဲ့တာ။

အဖေ့စိတ်ထဲမှာလည်း သူတို့ ၁၉၆၂ ခုနှစ်လောက်တုန်းက ခံခဲ့ရတဲ့ အငုံ့စိတ်ကလည်း ရှိတယ်။ ကျနော့် အဖေက မဆလ ခေတ်မှာ တော်တော်နဲ့ မဆလပါတီမ၀င်ခဲ့ဘူး၊ နောက်ဆုံး ပါတီမ၀င်ရင် ရာထူးလုံးဝ မတက်ဘူးဆိုတဲ့ အနေအထားမျိုးရောက်မှ မဖြစ်မနေ၀င်လိုက်ရတော့တာပေါ့ဗျာ။

၈၈ အရေးအခင်းဖြစ်တော့ ကျနော်က ကျုံဒိုးကနေ မော်လမြိုင်ကို တက်သွားခဲ့တယ်။  သပိတ်တွေ ဘာတွေလည်းမှောက်နေကြတော့ အဖေ ကျနော်တို့သွားကြည့်ရအောင်ပေါ့ အဲဒီတုန်းက ကျနော်က စိတ်က နည်းနည်းကြွနေပြီ သွားကြည့်မယ်ပေါ့။ အဖေပေါ့ ကျနော်တို့လည်း ၀င်လုပ်မှ ရမယ်ပေါ့။ အဖေ့ကို အဲလိုပြောတော့ အဖေက မင်းသွားမလုပ်နဲ့၊ မင်းနိုင်ငံရေးထဲ ၀င်မရှုပ်မိစေနဲ့ပေါ့ဘာညာ ဘာညာ ပြောပြီး တားခဲ့သေးတယ်။

ရှေ့ဆက်ဖော်ပြပေးပါမည်။

မိတ်ဆွေများအားလုံးကို လေးစားချစ်ခင်လျက်

မေသင်္ကြန်ဟိန်(မြစ်မခ)
ဒေါက်တာနိုင်အောင် ရိုက်ကူး- ကျော်ဇင်မန်း(မြစ်မခ)
14Unlike ·  · 

Thursday, January 24, 2013