Wednesday, September 12, 2012

ငရဲဇာတ်ရုံ


by Harry Lwin on Wednesday, September 12, 2012 at 5:57am ·
ငရဲဇာတ်ရုံ

တရားမဖက်
ဓားတလက်နဲ့
ပြာသာဒ်ပျက်ဟာ
ပြည့်ဝမ်းစာကို ဖောက်
ပြည့်ဦးနှောက်ကို ချိုး
ပြည့်အမိုးကို နင်း
ပြည့်ဦးကင်းကို ဖျက်
ပြည့်မျက်ရှုကို ဖမ်း
စာသင်ခန်း ကျောင်းတော်တရိုး
ထိုးခဲ့ကြ စစ်စည်မောင်းနဲ့
မရဏခေါင်းလောင်းသံ
သောသောညံလာချိန် ...

ကျောင်းယာမ်ကို ကျောခိုင်းရင်းခွာလို့
ဒေါင်းမာန်ပျို ဇောမှိုင်းပြင်းစွာနဲ့
မောင်းပြန်ကို တောစိုင်းရင်းသာ ကိုင်ခဲ့ကြတဲ့ ...
သူတို့တွေ ...

ဘီလူးတွေနဲ့တိုက်ဖို့အသွားမှာ
အရူးတွေက ကိုက်လို့စားခဲ့တော့
ဆီးနှင်းတွေ တဖြိုက်ဖြိုက်ကျဆင်းချိန်မှာ
သီးကင်းတွေက တပြိုက်ပြိုက်ကြွေ ...

ဒေါင်းမြီးကွက်တွေ ...
အေးစက်စက်လေထုထဲ
တစစီ ... တစစီ ...
ပျံ ... ဝဲ ... လွင့် ... ကြွေ ...

“လက်ထဲမှာ ပြာစများ
မျက်ဝန်းမှာ အားငယ်စိုးထိတ်
တိတ်ဆိတ်တဲ့ ကောင်းကင်ယံကို
လိုက်လံရှာဖွေနေသလား ...” *

နှင်းတွေဖုံးလွှမ်း ...
အေးလွန်းတဲ့ တဲစခန်းလေးမှာ
ငရဲခန်းသွေးအရိရိနဲ့
ဆွေးမြည့်ပေကျံ ...
ဒဏ္ဍာရီသာ ဖြစ်လိုက်စေချင်မိ ...

“အေးစက်နွမ်းလျတဲ့သူ့အသံ
အသံမဲ့ပြောနေတဲ့ စကား
ဖယောင်းတိုင်လေးကို ...
လေပြင်းဘက်သာ လှည့်ထားလိုက်ပါတော့ ...” *

မဟုတ် ...
မဟုတ်ဘူး ...
မဟုတ်သေးဘူး ...
မဟုတ်သေးပါဘူး ...
ဟုတ်ကို မဟုတ်သေးပါဘူး ....

“တရက်လောက်တော့ ထပ်နေပါဦး ...
ဒီတောင်ကို ကျော်လိုက်ပါဦး ...
ဆက်ရှင်သန်ဖို့ အကြောင်းတခုလောက်
ထပ်ပြီးရှာလိုက်ပါဦးနော်” *
....
....
နောက်နေ့မှ ... ပေါ့
မနက်ဖြန်မှ ... ပေါ့
မာန်စိတ်ပြင်းထန် ...
အံကြိတ်ရင်းခံ ...
ရင်တွင်းသံ ...
ဝေလျှံ ...
ညံ ...

“တို့တွေရဲ့ အိပ်မက်ပန်းချီကားတွေ
လှေကားထစ်များနောက်မှာ ကွယ်ဝှက်ထားဖို့
ယူငင်လို့ သူတို့ထွက်ပြေးသွား
အချိန်များတန်လေရင်တော့
ပြန်ကြွေချင် ကြွေဆင်းလာမတဲ့ ...
ဒါပေမဲ့ ဒီလို ကြွေဆင်းမလာရင်လည်း ...” *

တော်ပါတော့ John Petrucci
တော်ပါတော့ “အိပ်မက်ဇာတ်ပွဲရုံ” ...
မယုံကြည်နိုင်စရာ ...
အံ့သြတုန်လှုပ်စရာ ...
ရင်နာစရာ ...
ယူကျုံးမရစရာ ...
ကြေကွဲစရာ ...
မခံမရပ်နိုင်စရာ ...
အဆိပ်အိပ်မက်တွေ ကပြခဲ့တဲ့ ငရဲဇာတ်ရုံ ...

ဒီလိုနဲ့ပဲ ...
ကချင်တောင်တန်းပေါ်က ...
ဖေဖေါ်ဝါရီဆောင်းဟာ
ဖွေးနေအောင်ကျတဲ့ ကြယ်ကြွေတွေကို
ရင်တနင့်နင့်နဲ့ ပိုက်ထွေးခဲ့ရှာလေရဲ့ ...

သြော် ... ကြယ်စင်တွေမြေခ
ကြွေကျခဲ့တဲ့ ငရဲ ...
တိုက်ပွဲမှာလည်း မဟုတ်ပြန် ...
မိုက်ရဲတာပဲ အဟုတ်အမှန် ...
အရှုပ်တရားတွေ ...
သရုပ်အမှားတွေနဲ့
လုပ်စားနေသူတို့ကြား
သီလစောင့်မိသူဟာ အမှား
အသိတရားတွေမလို ...
ဂတိအမှားတွေပို ...
တရားကို အမူပိုလို့
လူကို အတေးအမှတ်နဲ့
ခွေးသတ်လေခြင်းကွယ် ...

အသက်မြေခ
မျက်ရည်စတွေ
လက်ကြွေကျတဲ့
ရက်ရှည်ညတွေရေ ....
သက်သေပြဖို့ စောင့်ဆိုင်းနေပါလေတော့ ...

အို ... ကြွေလွင့်ခဲ့ရသော ...
ထို့အတူ ...
လွတ်မြောက်လာကြသော ...
ရဲဘော်ရဲမေတို့ ...

အဓမ္မသည် ဓမ္မကို နိုင်ရိုးမရှိပါ ...
“ဘုရားသခင်၊ အမှန်မြင်၏၊
သို့ပင်လေငြား၊ သင်စောင့်စားလော့”
စကားရှိနှိုင်း၊ တော့လ်စတွိုင်း၏၊
ပုံခိုင်းပြုဆို၊ ဝတ္ထုတိုနှယ်၊
သီဆိုကာရေရွတ်ရင်း ...
မညွတ်သောဦးခေါင်း
မပြောင်းသော ယုံကြည်ချက်
မပျက်သော သစ္စာ
မညာသော စကား
မမှားသော အဖြေဖြင့် ...
မသေသော ဝိညာဉ်များ ...
တော်လှန်ရေးအတွက် ပေးဆပ်ခဲ့သော ဝိညာဉ်များ
သင်တို့၏ မနောဝိညာဉ်များသည် ...
ထာဝစဉ်လင်းလက်နေသော
ကြယ်စင်ဖြူများ၏အသွင်ဖြင့် ...
ခွပ်ဒေါင်းဂူဗိမာန်စင်မြင့်တွင်
ထာဝရ ရှင်သန်နေပါမည် ...
ထာဝရ ရှင်သန်နေပါလိမ့်မည် ...


ABSDF (မြောက်ပိုင်း) မှ လူမဆန်မှုများ၏ သားကောင်များဖြစ်သွားကြရှာသော တော်လှန်ရေးရဲဘော်များအား ဦးညွတ်လျက် ...

* Another Day (The Dream Theater) မှ သီချင်းစာသားများ ဖြစ်ပါသည်။

ဟယ်ရီလွင်
Unlike ·  ·  · Share

  • Than Than Cho ကျေးဇူး အကို သတိတယ တက်ခ် တဲ့ အတွက် ကဗျာကောင်းလေး ဖတ်ဖြစ်သွားတယ်
    7 hours ago · Like · 1
  • Lwin Aung Soe ဒီကဗျာကို ကြိုက်တယ် ကိုဟယ်ရီ ရေ.. အသတ်ခံရတဲ့ သူရဲကောင်းတွေကို ကျနော်တို့ တဦးချင်း တတ်နိုင်တဲ့နည်းနဲ့ ဂုဏ်ပြုရမယ်။ အားလုံးစုပေါင်းပြီး သမိုင်းဝင်အောင် ဂုဏ်ပြုရမယ်။ လူသတ်ကောင်တွေကိုတရားဥပဒေအရ အရေးယူစေရပါမယ်။ အာဏာရှင် တော်လှန်ရေး ကျောင်းသားသမိုင်း မရိုင်းစေရဖို့ အမည်းစက်တွေ ဖယ်ရှားပြီးမှ လက်ဆင့်ကမ်းအမွေကို ပေးနိုင်ပါမယ်။
    7 hours ago · Like · 5
  • Harry Lwin တတ်နိုင်တဲ့ဘက်က တတပ်တအား ကူညီရမှာပေါ့ဗျာ
    7 hours ago · Like · 2
  • Hazel Htun သြော် ... ကြယ်စင်တွေမြေခ

    ကြွေကျခဲ့တဲ့ ငရဲ ...

    တိုက်ပွဲမှာလည်း မဟုတ်ပြန် ...


    မိုက်ရဲတာပဲ အဟုတ်အမှန် ...

    အရှုပ်တရားတွေ ...

    သရုပ်အမှားတွေနဲ့

    လုပ်စားနေသူတို့ကြား

    သီလစောင့်မိသူဟာ အမှား

    အသိတရားတွေမလို ...

    ဂတိအမှားတွေပို ...

    တရားကို အမူပိုလို့

    လူကို အတေးအမှတ်နဲ့

    ခွေးသတ်လေခြင်းကွယ် .

    ဟုတ်ပု အူးအူး သမီးတို့မသိခဲ့တဲ့အရာတွေကို ဒီကဗျာက ချုံပီးပေးလိုက်သလိုပဲ အူးအူး ကျေးကျေး
  • Harry Lwin အန် ... ဘာ "မ" ရမှာတုန်း ဟစိ
    7 hours ago · Like · 1
  • Hazel Htun ဆိုက်ဆိုက်မြန်မြန်အော်နေလို့ မ က အရင်ရောက်သွားတာ
  • Moe Thu မြောက်ပိုင်းပါဂျောင်ဒေသရဲ့ ခွပ်ဒေါင်းတို့ သွေးပျက်ဖွယ်ငြီးညူသံများ ...
  • Harry Lwin ခွပ်ဒေါင်းကို လဒတွေ သတ်တာလေ
  • Min Naung ဝူးဟယ်ကလည်း ခွေးလိုက်ဆွဲတာရောပါသေးတယ်လေ။
  • Kyaw Saw Htoon မိုက်တယ် ... ဒီလိုလေး ရေးပေးဦးမှ
  • Than Zaw Myo ရင်ထဲမောသွားတယ်
    5 hours ago via mobile · Like · 1
  • John Moe Eain They took pictures of our dreams
    Ran to hide behind the stairs...
    ဒီသီချင်းကို သေချာ ပြန်နားထောင်ကြည့်မိတယ်..။
    4 hours ago · Like · 1
  • Seventh Demon အဓမ္မသည် ဓမ္မကို နိုင်ရိုးမရှိပါ ... လူကို ခွေးသတ်လေခြင်းကွယ် .. ( အွန် ) သီချင်းစာသားလည်း ကဗျာအဖျားမှာ သွက်သွက်ခါသွားမယ် ... :D
  • Harry Lwin အဲဒါက သီချင်းစာသား မဟုတ်ပါဘူး
  • Seventh Demon ဟီးး မှားသွားတယ် .. အဲ့ဒါလေးတွေကို ကြိုက်လို့ ..

No comments:

Post a Comment