http://88daun88.blogspot.ca/

Saturday, August 4, 2012

မန္တလေးမြို့နယ်လုံးဆိုင်ရာ သပိတ်တပ်ပေါင်းစု အဖွဲ့ချုပ် သမိုင်း - ၂

"မန္တလေးမြို့နယ်လုံးဆိုင်ရာ သပိတ်တပ်ပေါင်းစု အဖွဲ့ချုပ် သမိုင်း (၂) "

by Soe Lynn on Saturday, August 4, 2012 at 10:45am ·

သပိတ်မှောက်ကော်မတီ၏ ၃/၈၈ အစည်းအဝေးကို ၂၁-၈-၁၉၈၈ နေ့နံနက် (၈း၀၀)နာရီတွင် မန္တလေး အနောက်ပြင် စကုတိုက်၊ (အတွင်းရေးမှူးဆရာတော်) ဦးရေ၀တသီတင်းသုံးရာ ကျောင်း၌ ကျင်းပခဲ့သည်။ ထိုအစည်းအဝေးသို့ ဗဟိုကော်မတီတွင် ပါဝင်နိုင်ရေးအတွက် အခြေခံပညာကျောင်းပေါင်းစုံ မိသားစု (အ-ထ-က ၁၃ သပိတ်စခန်း) နှင့် မန္တလေး လေးမြို့နယ် မွတ်စလင်လူငယ်များအဖွဲ့တို့ လာရောက် ဆက်သွယ်ကြပါသည်။ လေးမြို့နယ် မူစလင်လူငယ်များအဖွဲ့ကို ဂဠုန်နီစစ်ကြောင်းမှ တာဝန်ယူထိမ်းသိမ်းကြီးကြပ်ရန် လွဲပြောင်းပေးအပ်လိုက်သည်။ အခြားအစည်းအဝေးဆုံးဖြတ်ချက်မှာ ဗဟိုကော်မတီ၏ ကြွေးကြော်သံအဖြစ် ရှေ့နေအသင်းက တင်ပြလာသော အောက်ပါကြွေးကြော်သံများကို ဆွေးနွေး အတည်ပြုကြသည်။

တပါတီအာဏာရှင်စနစ်ဖျက်သိမ်းရေး ဒို့အရေး ဒို့အရေး

ပါတီစုံဒီမိုကရေစီရရှိရေး ဒို့အရေး ဒို့အရေး

မတရားဖမ်းဆီးခံရသူများပြန်လွှတ်ရေး ဒို့အရေး ဒို့အရေး

လူသတ်မုဒိန်းကောင်များ ခုံရုံးတင်အပြစ်ပေးရေး ဒို့အရေး ဒို့အရေး

တပ်မတော်နှင့်ပြည်သူကြည်ဖြူရေး ဒို့အရေး ဒို့အရေး

လူအခွင့်အရေးအပြည့်အ၀ရရှိရေး ဒို့အရေး ဒို့အရေး

ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး ဒို့အရေး ဒို့အရေး

သပိတ် သပိတ် မှောက် မှောက်

အရေးတော်ပုံ အောင်ရမည်။

ထိုကြွေးကြော်သံများကို ဥပဒေသဘောအရ အဓိပ္ပါယ်ဖွင့်ဆို ရှင်းလင်းချက် ထုတ်ပြန်ပေးရန် ရှေ့နေအသင်းအား တာဝန်ပေးအပ်သည်။ ဟောပြောပွဲစင်မြင့်တိုင်းတွင် ကြွေးကြော်သံအဓိပ္ပါယ်ဖွင့်ဆိုချက်ကို ရှင်းလင်းတင်ပြဖတ်ကြားရန်၊ ဆန္ဒပြချီတက် စစ်ကြောင်းအားလုံးတွင် ဗဟိုကော်မတီက သတ်မှတ်ထားသော ကြွေးကြော်သံမှ အပ အခြားကြွေးကြော်သံ၊ သံချပ်၊ သီချင်း၊ လုံးဝသီဆိုဟစ်ကြွေးခြင်းမပြုလုပ်ရဟု ဆုံးဖြတ်ကြသည်။ ဗဟိုကော်မတီ၏ တံဆိပ်ကို ရွေးချယ်သတ်မှတ်ကြသည်။ ဗဟိုကော်မတီအဖွဲ့ဝင် တွဲဖက်စည်းရုံးရေးမှုး ကိုမြတ်မှိုင်း အစား ရဲသျှမ်းကို စာပေအနုပညာအဖွဲ့မှ တင်ပြလာသဖြင့် ဆွေးနွေးဆုံးဖြတ်ကြသည်။ ဥက္ကဋ္ဌဆရာတော်ဦးက၀ိန္ဒမှ မန္တလေးမြို့ပေါ်ရှိ သပိတ်စခန်းလှုပ်ရှားမှုများကို ရှင်းလင်းတင်ပြပြီး မန္တလေးတက္ကသိုလ်တွင် ကျောင်းသားများအစည်းအဝေးကျင်းပမည့်သတင်းနှင့် ကျောင်းသားများအခန်းကဏ္ဍကို ပစ်ပယ်မထားသင့်ကျောင်း ဆွေးနွေးတင်ပြသည်။ ဗဟိုကော်မတီ၏ ရုံးခန်းအဖြစ် လုံခြုံရေးအခြေအနေ၊ သံဃာအင်အားကျောထောက်နောက်ခံရှိမရှိကို သုံးသပ်၍ အနောက်၄၅တာ ဦးမုနိန္ဒစာသင်ကျောင်းအစား အရှေ့တောင်မြို့နယ် သမ၀ါယမစာရင်းအင်းရုံး(ယခုလက်ရှိဗုဒ္ဓပြတိုက်နေရာ)ကို ပြောင်းရွေ့ရန် ဆွေးနွေးဆုံးဖြတ်ကြသည်။(လုံခြုံရေးတာဝန်ကို စက်မှုတက္ကသိုလ်ကျောင်းသားများ သမဂ္ဂအား တာဝန်ပေးအပ်သည်။)

စစ်ကြောင်းအသီးသီး၏ ရှေ့ဆုံးနေရာတွင် "ကျွန်ုပ်တို့ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြပါသည်" ဟူသောစာတမ်းကိုင်ဆောင်၍ စီတန်းလှည့်လည် ဆန္ဒပြကြရန် ရှေ့နေအသင်းက တင်ပြသည်ကို အများသဘောတူ ဆုံးဖြတ်ကြသည်။ စစ်ကြောင်းများလှည့်လည်နေစဉ် စစ်ကြောင်းမှူးပေးသော သတင်းမှအပ မည်သည့်သတင်းကိုမျှ ထုတ်ပြန်ကြေညာခြင်း မပြုကြရန်၊ အကြမ်းဖက်အဖျက်လုပ်ငန်းများ လုံးဝမပြုလုပ်ရေး ထိမ်းသိမ်းပေးရန်၊ လုံထိန်းများနှင့်တွေ့ပါက နောက်ပြောင်ရန်စခြင်း လုံးဝမပြုလုပ်ကြရန်၊ မနက်ဖြန်မှစ၍ ပိုစတာတိုက်ပွဲ စတင်ဆင်နွဲရန် ဆုံးဖြတ်ကြသည်။ ပိုစတာများကို ကားများနှင့် နေရာအနှံ့တွင် ကပ်ကြရေး သံဃာစစ်ကြောင်းများက ကြီးကြပ်ဆောင်ရွက်ရေးကိုလည်း ဆုံးဖြတ်ကြသည်။ ပိုစတာစာသားများကို အောက်ပါအတိုင်းအတည်ပြု ဆုံးဖြတ်ကြသည်။

သပိတ်တိုက်စစ်ဒို့ဖွင့်လှစ် နှစ်ဆယ့်နှစ်ရက်ရှစ်လရှစ်ဆယ့်ရှစ်

စက်ရုံအလုပ်ရုံဌာနစုံ ပေါင်းစုံဆင်နွဲ သပိတ်ပွဲ

အလွှာပေါင်းစုံ လူမျိုးစုံ စုပြုံဆင်နွဲ သပိတ်ပွဲ

စက်ရုံတွေပိတ် မီးခိုးတိတ် သပိတ်တိုက်ပွဲ ဒို့ဆင်နွဲ

စာအံသံတိတ် ကျောင်းတံခါးပိတ် သပိတ်တိုက်ပွဲ သံဃာနွဲ

အထွေထွေသပိတ် ဆင်နွဲရာ ရှင်ရောလူပါတိုက်ပွဲ ၀င်ကြ။

၃/၈၈ ဗဟိုကော်မတီအစည်းအဝေးကို နံနက်(၁၁) ရုပ်သိမ်းလိုက်သည်။

(ဆက်လက်ဖော်ပြပါမည်။)

စကားချပ်။ ။ စစ်ကြောင်းကြီးတစ်ခုတွင် ပါဝင်သော အဖွဲ့အစည်းများကို မန္တလေးတက္ကသိုလ်ပင်မ စစ်ကြောင်းဖြင့် ဥပမာပြုတင်ပြလိုက်ပါသည်။

မန္တလေးတက္ကသိုလ်ပင်မစစ်ကြောင်းတွင်

၁။ မန်းတက္ကသိုလ်ဆရာ/မ များ

၂။ တက္ကသိုလ်ဝန်ထမ်းများ

၃။ ကျောင်းသားကျောင်းသူများ

၎။ တက္ကသိုလ်ကျောင်းသားဟောင်းများ

၅။ တက္ကသိုလ်များ ရန်ကုန်(မန္တလေးမိသားစု)

၆။ ရေဆင်းတက္ကသိုလ်များ

၇။ အထက(၆)

ဂ။ တရုပ်လူငယ်များ

၉။ စိတ္တရမဟီရပ်ကွက်ပြည်သူများ

၁၀။ မဟာနွယ်စဉ် ရပ်ကွက်

၁၁။ ဂီတပညာရှင်များ

၁၂။ ကရင်၊ ကချင်၊ ချင်း တိုင်းရင်းသားများ

၁၃။ လယ်စိုက်ရှင်း ၀န်ထမ်းများ

၁၄။ ပုလဲဒေ၀ီအထည်စက်ရုံ ၀န်ထမ်း

၁၅။ နို့ထွက်ပစ္စည်းစက်ရုံဝန်ထမ်းများ စသည်ဖြင့် ပါဝင်ကြသည်။

· · Share

No comments:

Post a Comment